Connect with us

MYANMAR

ရခိုင်ပြည်နယ် စစ်တွေမြို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမို ထိန်းချုပ်နိုင်ရန်အတွက် stay at home နေထိုင်ရန် ထုတ်ပြန်

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် ရန်ကုန်မြို့အတွင်း နှာခေါင်းစည်း တပ်ဆင် သွားလာနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် စစ်တွေမြို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမို ထိန်းချုပ်နိုင်ရန်အတွက် ယင်းမြို့ရှိ ပြည်သူများအား ယနေ့(သြဂုတ် ၂၀) ည ၈နာရီမှစတင်ပြီး နေအိမ်တွင်နေထိုင်ရေး(stay at home) သတ်မှတ်လိုက်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ပြည်နယ်အတွင်း ယနေ့ နံနက်ပိုင်းတွင် COVID-19ဓာတ်ခွဲအတည်ပြုလူနာ ၆ဦးထပ်မံတွေ့ရှိပြီး သြဂုတ် ၁၆ ရက်မှ ၂၀ ရက်အတွင်း ရောဂါဓာတ်ခွဲအတည်ပြုလူနာပေါင်း ၂၂ ဦးရှိလာကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့အား  နေအိမ်တွင်နေထိုင်ရေး(stay at home) သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်း နေအိမ်တွင်နေထိုင်ရေး(stay at home) အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများသည် မိမိအိမ်တွင်နေထိုင်ရန်(အစိုးရဌာန၊အဖွဲ့အစည်းများ၊ ကုမ္ပဏီးများ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန် ထမ်းဆောင်သူများမပါ)၊ မဖြစ်မနေဈေးဝယ်လျှင် တစ်အိမ်တစ်ဦးသာ သွားလာရန်၊ ဆေးရုံ၊ဆေးခန်းသွားရောက်လျှင် တစ်အိမ်နှစ်ဦးသာသွားရန်၊နေအိမ်မှ အိမ်အပြင်ထွက်လျှင် နှာခေါင်းစည်းများတပ်ဆင်ရန်၊ တာဝန်ထမ်းဆောင်ရန်သွားရောက်/ပြန်ရောက်မည့် ပို့ဆောင်မည့်ယာဉ်များနှင့် ဖြတ်သန်းသွားလာခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန်ဖြတ်သန်းခွင့်ပြုရန်နှင့် ရပ်ကွက်အတွင်း ဈေးဝယ်ထွက်လျှင် ယာဉ်ပေါ် ယာဉ်မောင်းအပြင် တစ်ဦးနှင့် ဆေးရုံ၊ ဆေးခန်းသွားလျှင် ယာဉ်မောင်းအပြင် နှစ်ဦးသာ သွားရောက်ရန် စသည့် စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။

အရေးပေါ်ကိစ္စများ သွားလာရန်၊ မဖြစ်မနေဈေးဝယ်လျှင် တစ်အိမ်တစ်ဦးသာ သွားလာရန်၊ ဆေးရုံ၊ဆေးခန်းသွားရောက်လျှင် တစ်အိမ်နှစ်ဦးသာသွားရန်၊ရပ်ကွက်အတွင်း ဈေးဝယ်ထွက်လျှင် ယာဉ်ပေါ် ယာဉ်မောင်းအပြင် တစ်ဦးနှင့် ဆေးရုံ၊ ဆေးခန်းသွားလျှင် ယာဉ်မောင်းအပြင် နှစ်ဦးသာ သွားရောက်ရန် စသည့်အချက်လေးချက်တွင် သတ်မှတ်ဦးရေထက်ပိုလျှင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးသို့အကြောင်းကြား သွားလာရမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ စည်မျဉ်းများအား လိုက်နာဆောင်ရွက်မှုမရှိပါက  ကူးစက်ရောဂါကာကွယ်နိုမ်နင်းရေးဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း လည်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။  (Xinhua)