Connect with us

MYANMAR

COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၀) ဦးထပ်မံတွေ့ရှိ၊ ယနေ့အထိ မြန်မာနိုင်ငံတွင် စုစုပေါင်းအတည်ပြုလူနာ (၄၀၉) ဦး ထိရှိလာ

ရန်ကုန်မြို့ တွင် နှာခေါင်းစည်းဖြင့်သွားလာနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံတွင် ယနေ့ (သြဂုတ် ၂၁ ရက်) နံနက်ထုတ်ပြန်ချက်အရ  COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၀) ဦးထပ်မံတွေ့ရှိခဲ့ပြီး ယနေ့အထိ မြန်မာနိုင်ငံတွင် စုစုပေါင်းအတည်ပြုလူနာ (၄၀၉) ဦး ထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှသိရသည်။

ယနေ့ COVID-19 ကူးစက်ခံရသူ ၁၀ ဦးစလုံးသည် ရခိုင်ပြည်နယ် စစ်တွေမြို့ နှင့် မြောက်ဦးမြို့ တွင် အသွားအလာ ကန့်သတ်ထားရှိသူများဖြစ်ကြောင်း၊ COVID-19 ရောဂါအတည်ပြုလူနာများ နှင့် ထိတွေ့မှုမရှိသော်လည်း ဓာတ်ခွဲအတည်ပြုလူနာများ နှင့် တိုက်ရိုက်ထိတွေ့ခဲ့သူများ နှင့် ဆက်နွှယ်သူများဖြစ်ကြောင်း နှင့် ပြည်ပသို့ခရီးသွားရာဇဝင်မရှိကြောင်း သိရသည်။

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့် က “ကျွန်တော်တို့ သုတေသနပြုလုပ်ချက်တွေအရ COVID-19 မျိုးဗီဇ G614 ကို မြန်မာနိုင်ငံမှာ တွေ့ရတယ်။ အဲ့ဒါက ကူးစက်မှု ပိုပြီး ဆယ်ဆ မြန်တယ်။ အခုချိန် က ဒုတိယ လှိုင်းလို့ ပြောလို့မရသေးဘူး။ ဒုတိယလှိုင်းဆို အရေအတွက် က အများကြီးတက်သွားနိုင်တယ်။ အဲ့ဒါကြောင့်  ပြည်သူတွေ ကို အထူးဂရုပြုနေထိုင်သွားလာစေချင်ပါတယ်’’ ဟု ဆင်ဟွာသို့ သြဂုတ် ၂၁ ရက် တွင်ပြောသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှု တွင် သြဂုတ် ၂၀ ရက် အထိ (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၃၃၃) ဦး ရှိကြောင်း၊ ၎င်းတို့အနက် (၃၃၁) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။မြန်မာနိုင်ငံတွင် COVID-19 ရောဂါ  ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိခဲ့သည်။  (Xinhua)