MYANMAR
ယနေ့နံနက်တွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၁၅) ဦး ထပ်မံတွေ့ရှိ

ရန်ကုန် ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၁၅) ဦးအား ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၁၄)ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁၁ရက် နံနက် ၈နာရီ ထုတ်ပြန်သော သတင်းအရ သိရသည်။
ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက “ပြည်သူတွေရဲ့ ပူးပေါင်း ပါဝင်မှုက အရမ်းရေးကြီးပါတယ်။ ထုတ်ပြန်ချက်တိုင်းကိုပြည်သူတွေ ပူးပေါင်းပါဝင်ပေးပါ။ Stay at Home သတ်မှတ်ထားတဲ့ နေရာတွေက အိမ်ထဲမှာသေချာနေပေးပါ။ ပြည်သူများအနေနဲ့ မလိုအပ်ပဲ အပြင်မထွက် ဖို့ ပြောချင်ပါတယ်’’ ဟုဆင်ဟွာသို့ စက်တင်ဘာ ၁၁ ရက်တွင် ပြောသည်။
ယနေ့စက်တင်ဘာ ၁၁ ရက် နံနက် အထိ COVID-19 အတည်ပြုလူနာ စုစုပေါင်း၂,၂၆၅ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ခွဲအတည်ပြုလူနာသစ်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
စက်တင်ဘာလ ၁၀ ရက် ည ၈ နာရီ အချိန်အထိဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် ဆေးရုံးဆင်းလူနာ (၇၂) ဦးရှိသဖြင့် စုစုပေါင်း (၆၂၅) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)