MYANMAR
မြန်မာနိုင်ငံ ၌ COVID-19 အတည်ပြုလူနာ သုံးသောင်းကျော် နှင့် သေဆုံးလူနာ ၆၉၃ ဦး ရှိလာ

ရန်ကုန် ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ၌ COVID-19 ဓာတ်ခွဲစစ်ဆေးချက်အရ အတည်ပြုလူနာ ၃၀,၄၃၇ ဦး ရှိလာခဲ့ပြီး သေဆုံးလူနာပေါင်း ၆၉၃ ဦး ရှိလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ နောက်ဆုံး ထုတ်ပြန်မှုအရ သိရသည်။
၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲစစ်ဆေးချက်အရ အတည်ပြုလူနာသစ် ၁,၁၂၃ ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ ၂၉ ဦး ရှိခဲ့ကြောင်း သိရသည်။အဆိုပါ စစ်ဆေးမှုများအရ Rapid Antigen Diagnostic Test Kit များဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံကြီးများ နှင့် မြို့နယ်များတွင် ဆက်လက် စစ်ဆေးလျက်ရှိပြီး အဆိုပါ စစ်ဆေးမှုများတွင် အနံ့မရရှိသူများလည်း ပါဝင်ကြောင်း ၊ ယနေ့ သေဆုံးသူ ၂၉ ဦးအနက် ရောဂါအခံရှိသူ ၂၆ ဦး ပါဝင်ကြောင်း နှင့် ရန်ကုန် တိုင်းဒေသကြီးအတွင်း အသွားအလာ ကန့်သတ် ထားရှိရာ နေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများ နှင့် အနီးကပ် ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့သူ ၁,၀၃၇ ဦးအား ၎င်းတို့၏ နေအိမ်များတွင် အသွားအလာ ကန့်သတ်ထားရှိ၍ ဆက်လက်စောင့်ကြပ် ကြည့်ရှု သွားမည် ဖြစ်ကြောင်း ဝန်ကြီးဌာနမှ ထည့်သွင်း ထုတ်ပြန်ခဲ့သည်။
ထို့အတူ ၂၄ နာရီအတွင်း ဆေးရုံမှ ဆင်းခွင့် ရရှိသူ ၁,၅၀၉ ဦး ရှိလာခဲ့ကြောင်း သိရသည်။ယခုအခါ မြန်မာနိုင်ငံ၌ COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၄၁,၉၂၆ ခုအား စစ်ဆေးခဲ့ပြီး အတည်ပြုလူနာပေါင်း ၃၀,၄၃၇ ဦး ရှိကာ ဆေးရုံမှ ဆင်းခွင့် ရရှိသူ ၁၁,၇၆၉ ဦး နှင့် သေဆုံးလူနာ ၆၉၃ ဦး ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)