Connect with us

MYANMAR

မြန်မာနိုင်ငံက စိန်ခေါ်မှုကြီး နှစ်ရပ်ကို ရင်ဆိုင်နေရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း ပြောကြားစဉ်(ဓာတ်ပုံ - Myanmar State Counsellor Office )

ရန်ကုန် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံက စိန်ခေါ်မှုကြီး နှစ်ရပ်ကို ရင်ဆိုင်နေရကြောင်း COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ အောက်တိုဘာ ၁၂ ရက်တွင် COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“ခုအချိန်မှာဆိုရင် ကျွန်မတို့နိုင်ငံက စိန်ခေါ်မှုကြီး (၂)ရပ်ကို ရင်ဆိုင်နေရတယ်။ အထွေထွေရွေးကောက်ပွဲ များကို အောင်အောင်မြင်မြင်ကျင်းပနိုင်ဖို့နဲ့ ကိုဗစ်ရောဂါကို အောင်အောင်မြင်မြင် ကျော်လွှား နိုင်ဖို့ပဲဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။အထွေထွေရွေးကောက်ပွဲသည် စိန်ခေါ်မှုကြီး တစ်ခု ဖြစ်ကြောင်း ၊ စိန်ခေါ်မှုကြီး တစ်ခု ဆိုသော်လည်း ယင်းကို ပြည်သူလူထုအတွက် အခွင့်အရေး တစ်ခုလည်း ဖြစ်သည်ဟု ပြောချင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က “နိုင်ငံခြားမှာတော့ ရွေးကောက်ပွဲက စနေပါပြီ။ ဒီနိုင်ငံမှာလည်း မကြာခင် စပါတော့မယ်။ ပြည်သူများသိတဲ့အတိုင်းပဲ ပိုပြီးတော့ လုံလုံခြုံခြုံနဲ့ ပြည့်ပြည့်စုံစုံ မဲပေးနိုင်ဖို့အတွက် အသက် ၆၀ ကျော်တွေကို အထူးအခွင့်အရေး တစ်ခုအနေနဲ့၊ ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ နောက်ပြီးတော့လည်း မဲရုံတွေမှာ သိပ်ပြီးတော့ လူစုလူဝေး မဖြစ်ဖို့အတွက်ဆိုပြီး ကြိုတင်မဲပေးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ သွားနိုင်လာနိုင် ကျန်းကျန်းမာမာရှိတဲ့ ပုဂ္ဂိုလ် များဟာ ရွေးကောက်ပွဲကော်မရှင်ရုံးမှာ သွားပြီးတော့ ကြိုတင်မဲပေးလို့ရပါတယ်။အကယ်၍ ကျန်းမာရေးကြောင့် မသွားနိုင်ဘူး၊ မလာနိုင်ဘူး ဆိုရင်လည်း အိမ်မှာ လာပြီးတော့ ကြိုတင်မဲ လာယူပေးဖို့ စီစဉ်ပေးလို့ ရပါတယ်။ ကြိုတင်မဲတွေနဲ့ပတ်သက်လို့ ဆိုရင် ဆေးရုံတွေမှာ၊ Quarantine Center တွေမှာလည်း ပြည်သူတွေက အခွင့်အရေး မဆုံးရှုံးရအောင်လို့ ကြိုတင်မဲတွေပေးနိုင်ဖို့အတွက် စီစဉ်ထားတာလည်းရှိပါတယ်။ ဒါကြောင့် ဒီအစီအစဉ်တွေကို အဟောသိကံ မဖြစ်ရအောင် ပြည်သူပြည်သားတွေအားလုံး၊ မဲပေးခွင့်ရှိသူ များအားလုံးက ဒီအစီအစဉ်တွေအရ မဲပေးစေချင်ပါတယ်။ ဒါဟာ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ် အတွက် အင်မတန်မှအရေးကြီးပါတယ်။”ဟု ထည့်သွင်း ပြောကြားခဲ့သည်။

COVID-19 ကလည်း နိုင်ငံ၏ ယခုလောလောဆယ် အခြေအနေအတွက် အရေးကြီးသလို နောင် တစ်နှစ် ၊ နှစ်နှစ် အတွက် စီးပွားရေးကိုလည်း မထိခိုက်အောင် ကြိုးပမ်းနေသကဲ့သို့ ပြည်သူပြည်သူများကလည်း ဝိုင်းပြီး ကြိုးပမ်းသည့် အနေဖြင့် ရောဂါမရရန်အတွက် ကျန်းကျန်းမာမာ ရှိအောင် နေကြပါဟု ၎င်းက မေတ္တာရပ်ခံခဲ့သည်။

“ရန်ကုန်တိုင်းဒေသကြီးမှာ ပြန့်ပွားမှု နည်းသွားတယ်လို့ ပြောလို့ မရသေးပါဘူး။ ဒါကြောင့် ကျွန်မတို့ပြည်သူတွေအနေနဲ့၊ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ပြည်သူတွေ အနေနဲ့ အထူးဂရုစိုက်ဖို့ ကျွန်မထပ်ပြီး သတိပေးချင်ပါတယ်။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားခဲ့သည်။

“ကျွန်မတို့အနေနဲ့ အကောင်းဆုံး ဆေးတွေရအောင်လို့ ပြည်သူတွေအတွက် စီစဉ်ပါတယ်။ နောက်ပြီးတော့ ပြောရခက်တဲ့ Remdesivir ပေါ့။ အဲဒီဆေးဟာဆိုရင် တတ်နိုင်သလောက် ဒီရောဂါကို ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ ပြည်သူတွေအတွက် သုံးပါတယ်။ သို့သော်လည်း အများကြီးမရှိပါဘူးဆိုတာတော့ ပြောပါရစေ။ အခုဆိုရင် ကျွန်မတို့မှာရှိတဲ့နှုန်းဟာ ထောင်ဂဏန်းလောက်အတွက်ပဲ သုံးနိုင်မှာ ဖြစ်ပါတယ်။ ထောင်ဂဏန်းလောက်အတွက်ပဲ သုံးနိုင်မယ်ဆိုတော့ ထပ်ပြီးတော့လည်း တတ်နိုင်သမျှ ကျွန်မတို့ရအောင်လို့လုပ်ပါမယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က “ အခုအချိန်မှာဆိုရင် စက်ရုံ၊ အလုပ်ရုံတွေကို လည်ပတ်နိုင်တဲ့ အခြေအနေရှိရင် လည်ပတ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ လည်ပတ်နိုင်တဲ့ အခြေအနေဆိုတာ ဘယ်လို ပြောတာလဲဆိုတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေအရ၊ စံနှုန်းတွေအရ ဖွင့်နိုင်ခြေရှိတဲ့ A အဆင့်ရတဲ့ စက်ရုံ၊ အလုပ်ရုံတွေပါ။ A အဆင့်ဆိုတာ လုံခြုံတယ်၊ စိတ်ချရတယ်ဆိုတဲ့ သဘောပါ။ အဲဒီ စက်ရုံ၊ အလုပ်ရုံတွေကို ပြန်ဖွင့်ပြီးတော့ လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက် လုပ်ဆောင်နေပါတယ်။ ဒီလိုလုပ်ငန်း လည်ပတ်နိုင်ဖို့အတွက် လုပ်တယ်ဆိုတာက အခု ရေတိုတင်မကပါဘူး၊ ရေရှည် ကျွန်မတို့ နိုင်ငံရဲ့ စီးပွားရေးအတွက် ကြည့်ပြီးတော့ လုပ်ရပါတယ်။”ဟု ထည့်သွင်း ပြောကြားခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၂၈,၆၆၈ ခုအား စစ်ဆေးခဲ့ပြီး အတည်ပြုလူနာ ၂၉,၃၁၄ ဦး တွေ့ရှိခဲ့ကာ ဆေးရုံဆင်းခွင့် ရရှိသူ ၁၀,၂၆၀ ဦး နှင့် သေဆုံးလူနာ ၆၆၄ ဦး ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.