MYANMAR
၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် ၁,၄၂၆ ဦး တွေ့ရှိ ၊ စုစုပေါင်း လူနာ ၄၆,၂၀၀ ဦး ရှိလာ

ရန်ကုန် ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ)
COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၂,၄၀၀ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် ၁,၄၂၆ ဦး တွေ့ရှိရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
၂၄ နာရီအတွင်း ဆေးရုံဆင်းခွင့် ရရှိသူ ၁,၀၈၇ ဦး ရှိပြီး သေဆုံးသူ ၂၇ ဦး ရှိခဲ့သည့်အနက် ရောဂါအခံ ရှိသူ ၂၄ ဦး ပါဝင်ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။ထို့အတူ Rapid Antigen Diagnostic Test Kit များဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံကြီးများ နှင့် မြို့နယ်များတွင် ဆက်လက် စစ်ဆေးလျက်ရှိပြီး အဆိုပါ စစ်ဆေးမှုများတွင် လတ်တလော အနံ့မရရှိသူများလည်း ပါဝင်ကြောင်း ၊ ရန်ကုန် တိုင်းဒေသကြီးအတွင်း အသွားအလာ ကန့်သတ် ထားရှိရာ နေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများ နှင့် အနီးကပ် ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့သူ ၁,၅၅၈ ဦးအား ၎င်းတို့၏ နေအိမ်များတွင် အသွားအလာ ကန့်သတ်ထားရှိ၍ ဆက်လက်စောင့်ကြပ် ကြည့်ရှု သွားမည် ဖြစ်ကြောင်းလည်း ထည့်သွင်း ဖော်ပြထားသည်။
ယခုအခါ မြန်မာနိုင်ငံ၌ စုစုပေါင်း ဓာတ်ခွဲနမူနာ ၆၁၈,၂၄၃ ခု စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲ အတည်ပြု လူနာပေါင်း ၄၆,၂၀၀ ဦး ၊ ဆေးရုံဆင်းခွင့် ရရှိသူပေါင်း ၂၆,၀၀၇ ဦး နှင့် သေဆုံးလူနာပေါင်း ၁,၁၂၂ ဦး အသီးသီးရှိလာကြောင်း သိရသည်။ (Xinhua)