MYANMAR
မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၆၀,၀၀၀ ကျော်ရှိလာ
ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်
COVID-19 အတည်ပြုလူနာသစ် ၁၀၇၁ ဦး တွေ့ရှိကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာ ၇ ရက်ည ၈နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၌ COVID-19 ရောဂါ အတည်ပြုလူနာစုစုပေါင်း(၆၀,၃၄၈) ဦးရှိလာပြီဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါက်တာမြတ်ထွဋ်ညွန့်က “ COVID-19 ရောဂါ ကဆက်ပြီး တွေ့နေတုန်း။ အခုဆို တစ်နိုင်ငံလုံးမှာ COVID-19 ရောဂါတွေ့ရှိမှုက ၆၀,၀၀၀ ကျော်သွားပြီ။ မနက်ဖြန်က ရွေးကောက်ပွဲနေ့ဖြစ်တယ်။ မဲရုံလာရင် နှာခေါင်းစည်းသေချာတပ်သင့်တယ်။ လက်သန့်ဆေးရည်နဲ့ဆေးကြောမယ်။ ပုံစံမှာ သေချာဖြည့်မယ်။ မဲပေးမယ်။ အသိတွေ့ရင်လည်း စကားကို အကြာကြီးမပြောနဲ့ အိမ်ပြန်ရောက်ရင် နှာခေါင်းစည်းကို သေချာစွန့်ပစ်မယ်။ လက်ကိုသေချာဆေးကြောမယ်။ ခပ်ခွါခွါက မဲပေးနိုင်အောင်ကြိုးစားပါ။ အတတ်နိုင်ဆုံး စကားတွေမပြောပါနဲ့။ ဒါတွေကို လိုက်နာဖို့ အထူးလိုအပ်ပါတယ်’’ ဟု ဆင်ဟွာသို့ ပြောကြားသည်။
ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက်ဆေးရုံဆင်းခွင့်ရရှိသူ (၁,၃၈၉)ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၄၄,၆၆၆)ဦး ရှိလာခဲ့ကြောင်း သိရသည်။လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၁၅,၁၇၃) ခု အားစစ်ဆေးခဲ့ရာ ယနေ့အထိဓာတ်ခွဲနမူနာစုစုပေါင်း(၇၈၀,၅၇၂) ခုအားစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယနေ့သေဆုံးသူ(၂၀)ဦးအနက် ရောဂါအခံရှိသူ (၁၇)ဦးပါဝင်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံများနှင့် ရန်ကုန်မြို့ရှိ COVID-19 ရောဂါကုသရေးဌာနများမှ ဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း (၁,၃၈၉) ဦးတွင် ပြည်သူ့ဆေးရုံများမှ (၃၅၀)ဦးနှင့် COVID-19ရောဂါ ကုသရေးဌာနများ(ရန်ကုန်မြို့) မှ (၁,၀၃၉)ဦး ပါဝင်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့ပြီး နေအိမ်များတွင် အသွားအလာ ကန့်သတ်ထားသူ စုစုပေါင်း (၁,၁၃၆)ဦးအနက်Hotel Quarantine တွင် (၂၀၀)ဦး၊ Facility Quarantine တွင် (၁၂၅)ဦး၊ Community Based Facility Quarantine တွင် (၇၈၂)ဦးနှင့် Anosmia Center တွင် (၂၉) ဦးပါဝင်ပြီး ၎င်းတို့အားနေအိမ်များတွင်အသွားအလာ ဆက်လက်ကန့်သတ်ထားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်ယမန်နေ့ကပိုးတွေ့ရှိသူ(၁,၃၄၂)ဦးရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးမှ (၁,၀၃၅) ဦးဖြင့် အများဆုံးတွေ့ရှိခဲ့ကာ၊ မန္တလေးတိုင်းဒေသကြီးမှ (၈၉)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၇၉)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၆၄)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၆)ဦး၊ မွန်ပြည်နယ်မှ (၁၁)ဦး၊ ရခိုင်ပြည်နယ်မှ (၁၀)ဦး၊ ရှမ်းပြည်နယ်မှ (၁၀)ဦး၊ ကရင်ပြည်နယ်မှ (၈)ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၈)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၅)ဦး၊ နေပြည်တော်မှ (၃)ဦး၊ ကယားပြည်နယ်မှ (၃)ဦး နှင့် ချင်းပြည်နယ်မှ (၁)ဦးတွေ့ရှိခဲ့ကြောင်းသိရသည်။အောက်တိုဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သောဓာတ်ခွဲအတည်ပြုလူနာ (၁,၃၄၂)ဦးတွင် အနံ့မရရှိသူ (၃၃၀) ဦးပါရှိကြောင်း သိရသည်။ (Xinhua)