Connect with us

MYANMAR

COVID-19 လူနာသစ် ၉၆၄ ဦး တွေ့ရှိ ၊ ပိုးတွေ့ရှိမှု ငါးရက်ဆက် ၅ ရာခိုင်နှုန်းအောက်ရှိနေခဲ့

ရန်ကုန်မြို့တွင် နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ လူနာသစ် ၉၆၄ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိမှုနှုန်းမှာ ငါးရက်ဆက်တိုက် ၅ ရာခိုင်နှုန်းအောက် ရှိလာနေခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။

ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲနမူနာ ၂၃,၄၈၅ ခုအား စစ်ဆေးခဲ့ပြီး လူနာသစ် ၉၆၄ ဦး စစ်ဆေးတွေ့ရှိခဲ့ကာ ဆေးရုံဆင်းခွင့် ရရှိသူ ၁,၁၃၄ ဦး နှင့် သေဆုံးလူနာ ၁၉ ဦး ရှိကြောင်း သိရသည်။

ပိုးတွေ့ရှိမှုနှုန်းမှာလည်း ဒီဇင်ဘာ ၁၈ ရက်မှ စတင်၍ ငါးရက်ဆက်တိုက် ၅ ရာခိုင်နှုန်း အောက်တွင်သာ ရှိခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်တွင် ၄ ဒသမ ၁ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။

COVID-19 စမ်းသပ်တွေ့ရှိရမှုနှုန်းသည် ဓာတ်ခွဲစစ်ဆေးသည့် အရေအတွက်ပေါ်၌လည်း မူတည်နေကြောင်း ၊ ဒီဇင်ဘာ ၁၃ ရက်မှ ၂၂ ရက်အထိ နေ့စဉ် စစ်ဆေးသော ဓာတ်ခွဲနမူနာ အရေအတွက်မှာ အနည်းဆုံး ၁၈,၅၆၄ ခုမှ အများဆုံး ၂၄,၅၀၁ ခုအထိ ဖြစ်ပြီး ပျှမ်းမျှ အရေအတွက်မှာ ၂၁,၉၉၇ ခု ဖြစ်ကြောင်း သိရသည်။

ယခုအခါတွင် နိုင်ငံအတွင်း ဒီဇင်ဘာ ၂၂ ရက်အထိ COVID-19 ဓာတ်ခွဲနမူနာပေါင်း ၁,၆၃၉,၁၅၇ ခုအား စစ်ဆေးခဲ့ပြီး လူနာပေါင်း ၁၁၇,၉၄၆ ဦး ၊ ဆေးရုံဆင်းခွင့် ရရှိသူပေါင်း ၉၇,၈၁၉ ဦး နှင့် သေဆုံးလူနာပေါင်း ၂,၄၈၄ ဦး ရှိခဲ့ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် ဆက်လက်တည်ရှိကူးစက်ဖြစ်ပွားနေမည့် COVID-19 နှင့်အတူ မိမိတို့အနေဖြင့် ဆက်လက်ရှင်သန် နေထိုင်ရမည်ဖြစ်သဖြင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် လုပ်ငန်းကဏ္ဍအသီးသီးကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်လုပ်ကိုင်နိုင်ရန် စဉ်းစားကြံဆကြိုးပမ်း ကြရမည် ဖြစ်ကြောင်း ၊ သို့မဟုတ်ပါက နိုင်ငံ၏ဖွံ့ ဖြိုးတိုးတက်မှုသည် အလွန်နှောင့်နှေးသွားမည် ဖြစ်ကြောင်း ၊ ပြည်သူအားလုံးအနေဖြင့် မိမိတို့နေ့စဉ် လူမှုဘဝနှင့် လုပ်ငန်းဆောင်တာများ လုပ်ဆောင်စဉ်တို့တွင် အဓိကအားဖြင့် (၁) ပါးစပ်နှင့် နှာခေါင်းစည်း (mask) ကို စနစ်တကျ တပ်ဆင်ခြင်း၊ (၂) တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်လုပ်ကိုင်ခြင်း၊ (၃) လက်ကို မကြာခဏဆေးကြောခြင်း၊ (၄) တစ်ဦးကိုတစ်ဦး အသိပေးခြင်း၊ သတိပေးခြင်းစသည့် COVID-19 ကာကွယ်ရေး စည်းကမ်းများကို တိကျစွာ ဆက်လက်လိုက်နာခြင်းဖြင့် COVID-19 နှင့်အတူ ယှဉ်တွဲနေထိုင်၍ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ခဲ့သည်။ (Xinhua)