Connect with us

MYANMAR

တိုင်းဒေသကြီးနှင့် ပြည်နယ် ၆ ခုမှ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအချို့အား ဒီဇင်ဘာ ၂၇ ရက်မှစ၍ Stay at Home အစီအစဉ်မှ ပယ်ဖျက်

နှာခေါင်းစည်းဖြင့် သွားလာနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအချို့ အား ဒီဇင်ဘာ ၂၇ ရက် နံနက် ၈:၀၀ နာရီအချိန် မှစ၍ Stay at Home အစီအစဉ်မှ ပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒီဇင်ဘာ ၂၆ ရက်တွင်ထုတ်ပြန်ခဲ့သည်။

COVID-19 ဒုတိယလှိုင်းကာလအတွင်း ရောဂါကူးစက်ပျံ့နှံ့မှုများပြားလာသည့်အတွက် ရန်ကုန်တိုင်းအတွင်း ကိုကိုးကျွန်းမှအပ ကျန် ၄၄ မြို့နယ်အား Stay at Home နေထိုင်ရန် စက်တင်ဘာလ ၂၀ ရက်နေ့က စတင်ထုတ်ပြန်ခဲ့ပြီးနောက် ပိုးတွေ့နှုန်းကျဆင်းလာသည့်အတွက် ဆိပ်ကြီး/ခနောင်တို၊ တွံတေးနှင့် ကွမ်းခြံကုန်းမြို့နယ်တို့မှ ရပ်ကွက်/ကျေးရွာအုပ်စုတချို့အား Stay at Home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးမှ အမရပူရမြို့နယ်ရှိ ရပ်ကွက်ကျေးရွာတချို့၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိကဝမြို့နယ်နှင့်သနပ်ပင်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိဖျာပုံမြို့နယ်နှင့်မအူပင်မြို့နယ်၊ ကချင်ပြည်နယ်အတွင်းရှိဖားကန့်မြို့နယ်မှရပ်ကွက်ကျေးရွာအုပ်စုတချို့နှင့်မိုးညှင်းမြို့နယ်၊ နှင့် မွန်ပြည်နယ်အတွင်းရှိမော်လမြိုင်မြို့နယ်နှင့်ဘီးလင်းမြို့နယ်တို့အားStay at Home အစီအစဥ်မှ ပယ်ဖျက်ခဲ့ကြောင်း သိရသည်။

Stay at Home အစီအစဉ်မှ ပယ်ဖျက်လိုက်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် နေထိုင်သော ပြည်သူများအနေဖြင့် COVID-19 ကာကွယ်ရေး စည်းကမ်းများကိုတိကျစွာလိုက်နာခဲ့သောကြောင့် လွန်ခဲ့သော ၁၄ ရက်အတွင်း အတည်ပြုလူနာထပ်မံတွေ့ရှိမှုလျော့နည်းလာခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာများမှာလည်း တစ်ဦးမှတစ်ဦးသို့ အစုလိုက်ကူးစက်မှု လျော့နည်းလာခြင်း၊ Stay at Home အစီအစဉ်ကာလအတွင်း ကျန်းမာရေးအသိပညာမြှင့်တင်ခြင်း လုပ်ငန်းများအား သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပြည်သူများကအလေးထားဆောင်ရွက်ခဲ့ခြင်း၊ဓာတ်ခွဲအတည်ပြုလူနာနှင့်ထိတွေ့ဆက်စပ်ခဲ့သူအားလုံးကို ရှာဖွေဖော်ထုတ်ပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးရာတွင်လည်း လွန်ခဲ့သော ၁၄ ရက်အတွင်းထပ်မံတွေ့ရှိရမှု လျော့နည်းလာခြင်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ နှီးနွယ်သည့်ဌာန၊ အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူလူထုက ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် တက်တက်ကြွကြွဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် ပိုးတွေ့လူနာလျော့နည်းလာသည့်အတွက် အထက်ပါနေရာများအား Stay at Home အစီအစဥ်မှ ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဦးရေ အချိန်တိုကာလအတွင်း တိုးတက်များပြားလာသဖြင့် အောင်မြေသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ပြည်ကြီးတံခွန်မြို့နယ် နှင့် ပုသိမ်ကြီး မြို့နယ်တို့အား Stay at Home သတ်မှတ်လိုက်ကြောင်းလည်း ယနေ့ညတွင် ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာ ၂၆ ရက်တွင် COVID-19 အတည်ပြုလူနာသစ် ၇၃၄ ဦးနှင့် သေဆုံးသူ ၂၇ ဦးရှိပြီး ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၃ ဒဿမ ၆ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၇၂၃,၄၃၀ ခု စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ဓာတ်ခွဲအတည်ပြု လူနာပေါင်း ၁၂၁,၂၈၀ ဦးတွေ့ရှိခဲ့ပြီး ဆေးရုံဆင်းခွင့်ရသူ ၁၀၂,၁၆၃ ဦးရှိကာ သေဆုံးလူနာ ၂,၅၇၉ ဦး ရှိလာပြီဖြစ်ကြောင်းသိရသည်။ (Xinhua)