Connect with us

MYANMAR

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၁) မြို့နယ်အား Stay at Home နေထိုင်ရန် ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကာကွယ်ရေးအဖြစ် နှာခေါင်းစည်းများ တပ်ဆင်သွားလာနေကြစဉ်(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမို ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၁)မြို့နယ်အား စက်တင်ဘာ ၁၀ ရက် နံနက် ၈ နာရီမှ စတင်ပြီး Stay at Home နေထိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ Stay at Home နေထိုင်ရမည့် မြို့နယ်(၂၁)မြို့နယ်သည်  တောင်ဥက္ကလာပမြို့နယ်၊ တာမွေမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊  လှိုင်သာယာမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ မင်္ဂလာတောင်ညွှန်မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရန်ကင်းမြို့နယ်၊ ဒဂုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အလုံမြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ လမ်းမတော်မြို့နယ်နှင့် လှည်းကူးမြို့နယ်တို့ဖြစ်ကြောင်း သိရသည်။

ယင်း နေအိမ်တွင်နေထိုင်ရေး(stay at home) အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများသည် မိမိအိမ်တွင်နေထိုင်ရန်(အစိုးရဌာန၊အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်သူများမပါ)၊ မဖြစ်မနေဈေးဝယ်လျှင် တစ်အိမ်တစ်ဦးသာ သွားလာရန်၊ ဆေးရုံ၊ဆေးခန်းသွားရောက်လျှင် တစ်အိမ်နှစ်ဦးသာသွားရန်၊နေအိမ်မှ အိမ်အပြင်ထွက်လျှင် နှာခေါင်းစည်းများတပ်ဆင်ရန်၊ တာဝန်ထမ်းဆောင်ရန်သွားရောက်/ပြန်ရောက်မည့် ပို့ဆောင်မည့်ယာဉ်များနှင့် ဖြတ်သန်းသွားလာခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန်ဖြတ်သန်းခွင့်ပြုရန်နှင့် ရပ်ကွက်အတွင်း ဈေးဝယ်ထွက်လျှင် ယာဉ်ပေါ် ယာဉ်မောင်းအပြင် တစ်ဦးနှင့် ဆေးရုံ၊ ဆေးခန်းသွားလျှင် ယာဉ်မောင်းအပြင် နှစ်ဦးသာ သွားရောက်ရန် စသည့် စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။

အရေးပေါ်ကိစ္စများ သွားလာရန်၊ မဖြစ်မနေဈေးဝယ်လျှင် တစ်အိမ်တစ်ဦးသာ သွားလာရန်၊ ဆေးရုံ၊ဆေးခန်းသွားရောက်လျှင် တစ်အိမ်နှစ်ဦးသာသွားရန်၊ရပ်ကွက်အတွင်း ဈေးဝယ်ထွက်လျှင် ယာဉ်ပေါ် ယာဉ်မောင်းအပြင် တစ်ဦးနှင့် ဆေးရုံ၊ ဆေးခန်းသွားလျှင် ယာဉ်မောင်းအပြင် နှစ်ဦးသာ သွားရောက်ရန် စသည့်အချက်လေးချက်တွင် သတ်မှတ်ဦးရေထက်ပိုလျှင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးသို့အကြောင်းကြား သွားလာရမည်ဖြစ်ကြောင်း သိရသည်။

” ပြည်သူတွေ ကျွန်တော်တို့နဲ့ အတူပူးပေါင်းစေချင်တယ်၊ ဒါမှ ရောဂါထိန်းချုပ်မှုကို အမြန်ရမှာ၊ ကျွန်တော်တို့ကတော့ ခုညထဲက လမ်းတွေပိတ်ပြီးစစ်ဆေးဖို့တွေ စတင်နေပြီ၊ မလိုအပ်ဘဲအပြင်မထွက်ဖို့ မေတ္တာရပ်ခံချင်တယ်”ဟု ဗိုလ်တထောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ဆိုသည်။

ထို့ စည်မျဉ်းများအား လိုက်နာဆောင်ရွက်မှုမရှိလျှင် ကူးစက်ရောဂါကာကွယ်နိုမ်နင်းရေးဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက် ဖော်ပြထားသည်။  ( Xinhua)