Connect with us

MYANMAR

မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၂,၀၀၀ ကျော်ရှိလာ ၊ လူနာသစ် ၁၂၀ ဦးထပ်တိုး

ရန်ကုန်မြို့၌ နှာခေါင်းစည်းတပ်ဆင်၍ ဈေးရောင်းနေသူတစ်ဦးအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) 

COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးချက်များအရအတည်ပြုလူနာသစ် ၁၂၀ ဦးတွေ့ရှိခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာ နှစ်ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂,၀၀၉ ဦးရှိလာခဲ့ကြောင်းသိရသည်။ 

ယခုတွေ့ရှိခဲ့သည့် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၂၀ ဦးမှာရန်ကုန်တိုင်းဒေသကြီးမြို့နယ် ၂၄ မြို့နယ်မှ ၅၁ ဦး ၊ နေပြည်တော် ဒက္ခိဏသီရိ ၊ ဇမ္ဗူသီရိမြို့နယ်တို့မှ ၄ ဦး ၊ မန္တလေးတိုင်းဒေသကြီးပုသိမ်ကြီး ၊ မိတ္ထီလာမြို့နယ်တို့မှ ၂ ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်မှ ၁ ဦး ၊ ဧရာဝတီတိုင်းဒေသကြီးဖျာပုံ ၊ မအူပင် ၊ ဘိုကလေးမြို့နယ်တို့မှ ၉ ဦး ၊ မကွေးတိုင်းဒေသကြီးနတ်မောက် ၊ မြိုင်မြို့နယ်တို့မှ  ၃ ဦး ၊ ရခိုင်ပြည်နယ် စစ်တွေ ၊ ကျောက်ဖြူ ၊ ကျောက်တော် မြို့နယ်တို့မှ ၄၆ ဦး ၊ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှ ၁ ဦး ၊ မွန်ပြည်နယ် မော်လမြိုင် ၊ ကျိုက်ထို ၊ မုဒုံမြို့နယ်တို့မှ ၃ ဦးတို့ ဖြစ်ကြောင်းသိရသည်။ 

ထို့အတူ COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် တက်ရောက်ကုသမှုခံယူလျက်ရှိကြသည့် အသက် (၅၅) နှစ်အရွယ် ဆီးချိုရောဂါနှင့် သွေးတိုးရောဂါအခံရှိသူ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာအမျိုးသမီး (Case – 1590) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်း၊ ရုတ်တရက်နှလုံးရပ်ခြင်းကြောင့် စက်တင်ဘာ ၉ ရက် ည ၁၁ နာရီ ၄၅ မိနစ်တွင်လည်းကောင်း ၊ အသက် (၄၅) နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာအမျိုးသား (Case – 1491) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးခြင်း၊ နှလုံးကြွက်သားရောင်ရမ်းခြင်းကြောင့် ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက် ၂ နာရီ ၅၀ မိနစ်တွင်လည်းကောင်းသေဆုံးသွားခဲ့ကြကြောင်းသိရသည်။ 

ယခုအခါတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း ၁၄ ဦးရှိလာခဲ့ကြောင်းသိရသည်။ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် စက်တင်ဘာ ၉ ရက်အတွက် ဓာတ်ခွဲနမူနာစုစုပေါင်း ၃,၄၁၅ ခုအားစစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၀၂ ဦးတွေ့ရှိခဲ့ကြောင်းသိရသည်။ (Xinhua)