Connect with us

Education & Health

ဆေးတက္ကသိုလ်ဝင်ခွင့် သတ်မှတ်ရာတွင် ကျား/ မ အချိုး ကန့်သတ်ခြင်းကို ပြန်လည် စဉ်းစားမည်

ပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း ပြည်သူ့ လွှတ်တော်၌ ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

ဆေးတက္ကသိုလ်ဝင်ခွင့် သတ်မှတ်ရာတွင် ၂၀၁၂ ခုနှစ်မှ ယနေ့အထိ ကျား- ငါးဆယ်ရာခိုင်နှုန်း၊ မ – ငါးဆယ်ရာခိုင်နှုန်း အချိုးဖြင့် လက်ခံသည့် လက်ရှိ ကန့်သတ်မှုကို ပြန်လည် စဉ်းစားမည်ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြည်သူ့လွှတ်တော်၌ ဖြေကြားခဲ့သည်။

“နိုင်ငံ့ဝန်ထမ်း ဆရာဝန်များအနက် ၂၀ ရာခိုင်နှုန်းခန့်ကသာ အမျိုးသားများ ဖြစ်နေပြီး ၈၀ ရာခိုင်နှုန်း ခန့်မှာ အမျိုးသမီးများ ဖြစ်နေတာ တွေ့ရပါတယ်၊ ဝေးလံခေါင်ဖျားဒေသများနဲ့ သွားလာရေး ခက်ခဲတဲ့ ဒေသများသို့ နေရာချထားရာ မှာ အဆင်ပြေချောမွေ့စေဖို့ အမျိုးသား ဆရာဝန် များ ပိုမိုရရှိစေရန်အတွက် ဆေးတက္ကသိုလ်ဝင်ခွင့်မှာ ကျား/ မ အချိုး တူညီစွာ သတ်မှတ်ထားခြင်း ဖြစ်ပါတယ်၊ ဒီသတ်မှတ်ချက်ကို လောလောဆယ် ပြင်ဆင်ရန် အစီအစဉ် မရှိပါကြောင်းနဲ့ လိုအပ်ချက် အပေါ် မူတည်ပြီး ကျား/ မ အချိုး ကန့်သတ်ခြင်းကို ပြန်လည် စဉ်းစားသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

“ဆေးတက္ကသိုလ်ဝင်ခွင့်မှာ အမျိုးသမီးတွေရဲ့ အမှတ်ကို အမြဲတမ်း အမှတ် ၂၀ လောက် ပိုပြီးမြှင့် ထားတဲ့ အတွက် အမျိုးသမီးတွေ နစ်နာနေရတဲ့ ကိစ္စနဲ့ပတ်သက်တဲ့မေးခွန်းပါ၊ တက္ကသိုလ်ဆိုတာ ဉာဏ်ပညာနဲ့ လုပ်ရတဲ့နေရာပါ၊ ဝန်ထုပ်ဝန်ပိုး ထမ်းရတဲ့ အလုပ် မဟုတ်ပါဘူး၊ ဆေးတက္ကသိုလ် တက်ချင်ရဲ့သားနဲ့ ပညာတော်ရဲ့သားနဲ့ အမှတ်တွေက သိသိသာသာကြီး ခွဲထားတာဟာ ကျောင်းသူ တွေ နစ်နာနေပါတယ်၊ မြန်မာနိုင်ငံသား ကျောင်းသူ ကျောင်သား အချင်းချင်း အခွင့်အရေး မျှတမှု ရရှိစေလိုတဲ့အတွက် ဒီကန့်သတ်ချက်ကို ပယ်ဖျက်ပေးဖို့ အစီအစဉ် ရှိ မရှိ မေးလိုပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း၏ အမေးကို ပြန်လည် ဖြေကြားရာတွင် ဒုတိယ ဝန်ကြီးက ပြောခဲ့ခြင်း ဖြစ်သည်။

ဆေးတက္ကသိုလ်များနှင့် ဆက်နွယ်သော တက္ကသိုလ်များတွင် ဝင်ခွင့်ပြု ဦးရေကို ကျား ၅၀ ရာခိုင်နှုန်း၊ မ ၅၀ ရာခိုင်နှုန်း ကန့်သတ်ခြင်းကြောင့်၎င်းတို့၏ ဆေးတက္ကသိုလ်ဝင်ခွင့် အနိမ့်ဆုံးရမှတ် ကွာဟ ချက်သည် အမှတ် ၂၀ မှ ၃၀ ခန့်အထိ ရှိလာခြင်း ဖြစ်ကြောင်း၊ ကျား/မ ဝင်ခွင့် အမှတ်များကို ဝန်ကြီးဌာန အနေဖြင့် ကျား မ ခွဲခြား သတ်မှတ်ထားခြင်း မရှိဘဲ ဦးရေကိုသာ ကန့်သတ်ထားခြင်း ဖြစ်ကြောင်း၊ ဝင်ခွင့် ရွေးချယ်ရာ၌ ကျား/ မ အချိုးကို ထိန်းညှိထားနိုင်မှသာ နောင်တွင် နိုင်ငံ့ ဝန်ထမ်း အဖြစ် တာဝန်ထမ်းဆောင်မည့် အမျိုးသား အမျိုးသမီးဦးရေ မျှတမှု ရှိနိုင်မည် ဖြစ်ပြီး ဝေးလံ ခေါင်ဖျား ဒေသများသို့ တာဝန်ပေး စေလွှတ်ရာတွင် အဆင်ပြေနိုင် မည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ လူ့စွမ်း အား အရင်းအမြစ်ဆိုင်ရာ စီမံကိန်းအရ သတ်မှတ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်စား တင်ပြသကဲ့သို့ ကျား မ ခွဲခြားမှု မရှိဘဲ ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းများနှင့် အညီ ပြန်လည် စိစစ်နိုင်ရန် ဌာနသို့ တင်ပြပေးမည် ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.