Education & Health
တီဘီဖြစ်ပွားနှုန်း ထက်ဝက်ကျော် ကျဆင်းဟု ဝန်ကြီးပြော

နေပြည်တော်၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ၏ တီဘီဖြစ်ပွားမှုနှုန်း စစ်တမ်းကောက်ယူရာတွင် စတုတ္ထအကြိမ် ကောက်ယူခြင်း ဖြစ် သည့် ၂၀၁၇ – ၁၈ စစ်တမ်းအရ တီဘီဖြစ်ပွားမှုသည် ယမန်နှစ်နှင့် ယှဉ်ပါက ထက်ဝက်ကျော် ကျဆင်းခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး က ယနေ့ ပြောကြားခဲ့သည်။
“စစ်တမ်းကောက်ယူမှုမှာ အသက် ၁၅ နှစ်နဲ့ အထက် လူဦးရေ ၆၆၄၈၀ ဦး ပါဝင်ခဲ့ပြီး Participation rate ၈၀ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်၊ Culture Positive Prevalence တီဘီလူနာ ၂၄၂ / ၁၀၀၀၀၀ ဦး တွေ့ရှိခဲ့ရတဲ့အတွက် ပြီးခဲ့တဲ့ စစ်တမ်း ရလဒ် ၅၀၂ / ၁၀၀၀၀၀ နဲ့ နှိုင်းယှဉ်ပါက တီဘီဖြစ်ပွားမှုနှုန်းက ထက်ဝက်ကျော် ကျဆင်းသွားတာ ဖြစ်ပါတယ်” ဟု နေပြည်တော် Hotel Max တွင် ယနေ့ ပြုလုပ် သော ‘စတုတ္ထအကြိမ်မြောက် နိုင်ငံ့တစ်ဝှမ်း တီဘီရောဂါ စစ်တမ်းကောက်ယူခြင်း (၂၀၁၇ – ၁၈) Dissemination Workshop’ တွင် ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့ခြင်းဖြစ်သည်။
တီဘီရောဂါစစ်တမ်း ထုတ်ပြန်ခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေစဉ်။
အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြစဉ်။
အထူးသဖြင့်ပြည်နယ်များတွင် တီဘီ ဖြစ်ပွားမှုနှုန်း သိသိသာသာ ကျဆင်းခဲ့ကြောင်း၊ တီဘီလူနာများ ၏ ၇၃ ရာခိုင်နှုန်းသည် အမျိုးသားများဖြစ်ကြောင်း၊ လူနာဦးရေ၏ ထက်ဝက်ကျော်သည် အသက် ၅၀ နှစ်နှင့် အထက် ဖြစ်သောကြောင့် တီဘီရောဂါ ကူးစက်ပြန့်ပွားမှုကို အတော်အသင့် ထိန်းချုပ်နိုင်ပြီဟု ယူဆနိုင်ကြောင်း၊ Global TB Report (2018) အရ မြန်မာနိုင်ငံ၌ လူ တစ်သိန်းတွင် ၃၅၈ ဦး တီဘီဖြစ်ပွားပြီး ၅၁ ဦးသေဆုံးသည်ဟု သိရကြောင်း၊ ၂၀၁၈ ခုနှစ်တွင် တီဘီလူနာ ၁၃၅၈၀၂ ဦး ရှာဖွေ ကုသပေးနိုင်ခဲ့ပြီး ဆေးကုသမှု အောင်မြင်နှုန်းမှာ ၈၇ ရာခိုင်နှုန်း ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ် တီဘီ စစ်တမ်းကောက်ယူမှုကို ၁၉၇၂ ခုနှစ်တွင်လည်းကောင်း၊ ဒုတိအကြိမ် စစ်တမ်းကို ၁၉၉၄ ခုနှစ်တွင်လည်းကောင်း၊ တတိယအကြိမ် စစ်တမ်းကို ၂၀၀၉ – ၂၀၁၀ တွင် လည်းကောင်း ကောက်ယူခဲ့ပြီး တီဘီရောဂါ ဖြစ်ပွားနှုန်းကို နှစ်စဉ် ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ကျဆင်းအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ထားသော ‘End TB မဟာဗျူဟာ’ ကို အခြေခံပြီး အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး ငါးနှစ် မဟာဗျူဟာ စီမံကိန်း (၂၀၁၆ – ၂၀၂၀) ကို ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု စတုတ္ထအကြိမ် တီဘီစစ်တမ်းကောက်ယူမှုမှ ပေါ်ထွက်လာသည့် အရည်အသွေးရှိ ရလဒ်များကို တီဘီရောဂါ ကာကွယ် ကုသရေး လုပ်ငန်းများ၏ စီမံကိန်းရေးဆွဲရာတွင်လည်းကောင်း၊ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်းကောင်း၊ လုပ်ငန်း ပြန်လည် ဆန်းစစ်ရာတွင်လည်း ကောင်း အကျိုးရှိစွာ အသုံးချသွားမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။
အဆိုပါ Workshop သို့ လွှတ်တော် အမတ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှ လူမှုရေး ဝန်ကြီးများ၊ ဌာနဆိုင်ရာ မှ အရာရှိကြီးများ၊ ပြည်တွင်း ပြည်ပ လူမှုရေး အဖွဲ့အစည်းများနှင့် အလှူရှင် အဖွ့ဲအစည်းများမှ တာဝန်ရှိသူများနှင့်အတူ ယခင် ကျန်းမာရေး ဝန်ကြီးဌာန အငြိမ်းစား ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကျော်မြင့်လည်း တက်ရောက်ခဲ့သည်။(Xinhua)