Connect with us

Education & Health

Myancopharm COVID-19 ကာကွယ်ဆေး စတင်ထုတ်လုပ်မှု နှင့် မိတ်ဆက်ခြင်းအခမ်းအနား ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး) ၌ကျင်းပ

Myancopharm COVID-19 ကာကွယ်ဆေးပုလင်းများအား ထုတ်ပိုးနေမှုကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

Myancopharm COVID-19 ကာကွယ်ဆေး စတင်ထုတ်လုပ်မှု နှင့် မိတ်ဆက်ခြင်းအခမ်းအနားကို စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး)၌ ယနေ့ မတ် ၂၃ ရက်တွင် ကျင်းပခဲ့သည်။Myancopharm COVID-19 ကာကွယ်ဆေး စတင်ထုတ်လုပ်မှု နှင့် မိတ်ဆက်ခြင်းအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက “COVID-19 ရောဂါနှင့်အတူ ယှဉ်တွဲနေထိုင်ရာတွင် COVID-19 ရောဂါကာကွယ်ဆေးများကို လူတိုင်းထိုးနှံနိုင်ရေးနှင့် ကာကွယ်ဆေးစွမ်းအားမြှင့် Booster ထိုးနှံနိုင်ရေးတို့အတွက် COVID-19 ရောဂါကာကွယ်ဆေးမှာ အရေးပါသော အခန်းကဏ္ဍမှာ ပါဝင်နေတာကိုတွေ့ရှိရပါတယ်။ ရေတိုစီမံချက်အနေဖြင့် Sinopharm China National Biotec Group မှ ထုတ်လုပ်တဲ့ COVID-19 ရောဂါကာကွယ်ဆေး ကို Ready to Fill Bulk အနေဖြင့် ဝယ်ယူ၍ ပုလင်းသွင်း ဖြည့်တင်းခြင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ယနေ့ Myancopharm COVID-19 ရောဂါကာကွယ်ဆေးကို စတင်ထုတ်လုပ်မှုနှင့် မတ်ဆက်ခြင်း အခမ်းအနား ကို အောင်မြင်စွာ ကျင်းပနိုင်တာ တွေ့ရပါတယ်’’ ဟုပြောကြားခဲ့သည်။

Myancopharm COVID-19 ကာကွယ်ဆေးထုတ်လုပ်မှုလုပ်ငန်းစဉ်တွင် အလုပ်လုပ်နေသောဆေးဝါးကျွမ်းကျင်တစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ပုလင်းသွင်းဖြည့်တင်းခြင်းဆောင်ရွက်သည်ဟုဆိုသော်လည်း ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ အာဆီယံဒေသ၌ပင် မြန်မာနိုင်ငံအပါအဝင် ၅ နိုင်ငံသာဆောင်ရွက်နိုင်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်(Chen Hai) က“နှစ်နိုင်ငံက ကပ်ရောဂါတိုက်ဖျက်မှု ပူးပေါင်းဆောင်ရွက်ရေးမှု ဖော်ဆောင်တာနဲ့ ပတ်သက်ပြီး ဆေးဝါးကျန်းမာရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါရှိပါတယ်။ကျွန်တော်က ဒါအတွက်လှိုက်လှဲစွာ ဂုဏ်ပြုပြီး ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ နှစ်ဦးနှစ်ဘက်ပုဂ္ဂိုလ်တွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ Sinopharm က COVID-19 ကာကွယ်ဆေး သုတေသနပြုလုပ်တာ နဲ့ ထုတ်လုပ်တဲ့အပိုင်းမှာ တစ်ကမ္ဘာလုံးကို ဦးဆောင်တဲ့ နေရာမှာ ရှိနေပါတယ်။ Sinopharm က မြန်မာနိုင်ငံနဲ့ Vaccine ပူးပေါင်းဆောင်ရွက်မှုထုတ်လုပ်တဲ့စက်ရုံဟာ Sinopharm အာရှပစိဖိတ်ဒေသမှာ ပထမဆုံး တရားဝင် ထုတ်လုပ်တဲ့ COVID-19 စက်ရုံပါ။ တရုတ်နိုင်ငံက ယနေ့အထိ မြန်မာနိုင်ငံကို COVID-19 ကာကွယ်ဆေး ၃၁ သန်းကျော်ထောက်ပံ့ပေးပြီးမြန်မာနိုင်ငံက ကပ်ရောဂါတိုက်ဖျက်ရေး ကိုထိရောက်စွာ အကူအညီပေးခဲ့ပါတယ်’’ ဟု ပြောကြားခဲ့သည်။

နိုင်ငံတော်ဝန်ကြီးချုပ်သည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၈ ရက်တွင် ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး)သို့ လာရောက်သည့် ခရီးစဉ်အတွင်း COVID-19 ကာကွယ်ဆေးများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေးအတွက် သုတေသနဆောင်ရွက်ခြင်းနှင့် ထုတ်လုပ်ရေးကိစ္စများအား ရေတို၊ ရေရှည် စီမံချက်ရေးဆွဲ၍ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန် လမ်းညွှန်မှုပြုခဲ့ကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက “ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ စတင်ဆောင်ရွက်နိုင်ရေးအတွက် COVID-19 ရောဂါကာကွယ်ဆေးထုတ်လုပ်ရေးကြီးကြပ်မှု ဗဟိုကော်မတီကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်’’ ဟုပြောကြားခဲ့သည်။

Myancopharm COVID-19 ကာကွယ်ဆေးအား ရေတိုစီမံချက်အနေဖြင့် ပုလင်းသွင်းဖြည့်တင်း ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းစီမံချက်ရေးဆွဲ၍ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် Myancopharm COVID-19 ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးလုပ်ငန်းစီမံချက်အား အဆင့် ၁၂ ဆင့်ဖြင့် အသေးစိတ်လုပ်ငန်းအစီအစဉ်များအား ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း ဒေါက်တာချာလီသန်းက ဆိုသည်။

ထုတ်လုပ်မှုအချိန်ဇယား အဆင့် (၆) အနေဖြင့် Myancopharm COVID-19 ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေး အတွက် RTF Bulk (၆၆၀၀ လီတာ) ဝယ်ယူနိုင်ရေး သဘောတူစာချုပ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်တွင် စက်မှုဝန်ကြီးဌာနနှင့် Sinopharm CNBG တို့ လက်မှတ်ရေးထိုးခဲ့ကြကြောင်း ဒေါက်တာချာလီသန်း ၏ ပြောကြားချက်အရ သိရသည်။

“ရေရှည်တွင် COVID-19 ရောဂါကာကွယ်ဆေးထုတ်လုပ်မှုကို အစအဆုံး ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနအနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့နှင့် သုတေသနလုပ်ငန်းများပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ ဟု ဒေါက်တာချာလီသန်းက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေး ၆၁.၉ သန်းရရှိခဲ့ပြီး ပြည်သူလူထုအား ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း၊ ယခုလာမည့် ဧပြီလ၊ မေလ များတွင် ကာကွယ်ဆေးထိုးနှံရမည့်သူ အားလုံး၏ ၁၀၀ ရာခိုင်နှုန်း ပြည့်မီအောင် ထိုးနှံနိုင်ရေး ကြိုးစားဆောင်ရွက်ရန်ညွှန်ကြားထားပြီးဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက Myancopharm COVID-19 ကာကွယ်ဆေး စတင်ထုတ်လုပ်မှု နှင့် မိတ်ဆက်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။ (Xinhua)