Connect with us

COVID-19 UPDATES

မြန်မာနိုင်ငံ၌ ထုပ်ပိုးထုတ်လုပ်သည့် Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်အသုံးပြု ထိုးနှံ

နေပြည်တော်၊ ခုတင် (၅၀)ဆံ့ ဇဗ္ဗူသီရိဆေးရုံ၌ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ - Ministry of Health, Myanmar )

ရန်ကုန် ၊ မေ ၅ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ထုပ်ပိုးထုတ်လုပ်သည့် Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သတ်မှတ်ဦးတည်အုပ်စုများအတွင်း စတင်အသုံးပြုထိုးနှံလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပုလင်းအား တွေ့ရစဉ် (ဓာတ်ပုံ – Ministry of Health, Myanmar )

ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက “Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နေပြည်တော်မှာလဲ ထိုးတယ်။ ရန်ကုန်မှာလည်း ထိုးတယ်။ တစ်ခြား တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာလည်း စတင် ထိုးနှံနေတယ်လို့ သိရပါတယ်။”ဟု ဆင်ဟွာသို့ ယနေ့ မေ ၅ ရက်တွင် ပြောကြားခဲ့သည်။

Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် စက်မှုဝန်ကြီးဌာနက တရုတ် ပြည်သူ့သမ္မတနိုင်ငံ Sinopharm China National Biotec Group (Sinopharm CNBG) နှင့် ပူးပေါင်း၍ ထုပ်ပိုးထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း ၊ အသက် ၅ နှစ်အရွယ်မှ စတင်ထိုးနှံနိုင်ပြီး ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များကိုပါ ဘေးကင်း စိတ်ချစွာထိုးနှံနိုင်သည့် ကာကွယ်ဆေးဖြစ်ကြောင်း သိရသည်။ ထို့အပြင် အသက် ၁၈ နှစ်နှင့်အထက် မိဘပြည်သူများကို ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) အဖြစ်လည်း ဘေးကင်းစိတ်ချစွာ အသုံးပြုထိုးနှံနိုင်ကြောင်း သိရသည်။

“Myancopharm အနေနဲ့လည်း တစ်လကို တစ်သန်း ဆက်လက်ပြီးတော့ တိုးချဲ့ထုတ်လုပ်သွားမယ့် အစီအစဉ်လည်း ရှိပြီးတော့ ကျွန်တော်တို့အနေနဲ့ ဆက်လက်သုံးစွဲမှာ ဖြစ်ပါတယ်။”ဟု ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောကြားခဲ့သည်။

“ကာကွယ်ဆေးတွေ လက်ထဲမှာ ရရှိနေတာ အင်မတန်မှ ကောင်းတဲ့ကိစ္စပါ ။ ဒါကြောင့်မို့လို့ ကာကွယ်ဆေး လွှမ်းခြုံမှု မြင့်မားလာတာနဲ့အတူ တစ်ဘက်ကလည်း ကိုဗစ် ၁၉ ဖြစ်တဲ့ဟာတွေ သိသိသာသာလျော့နည်းသွားတယ် ။ သေဆုံးမှုတွေဆိုလဲ မရှိသလောက် တော်တော်ကြီးကို ရက်ပေါင်းဆက်တိုက် တော်တော်များများ ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒါက ကြိုဆိုရမယ့် ကိစ္စ ဖြစ်ပါတယ်။ ပြီးတော့ ပြည်တွင်းမှာ ထုတ်လုပ်နိုင်တယ်ဆိုတာလဲ နိုင်ငံတော်အနေနဲ့လဲ နိုင်ငံခြားငွေသုံးစွဲရတာ သက်သာမယ် ။ ပြည်တွင်းမှာလဲ လုပ်အားတွေ ပိုမိုရရှိမယ်။ တကယ့်ကို ကောင်းတဲ့ကိစ္စ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လဲ ထွက်ရှိလာတဲ့ ပမာဏအပေါ် မူတည်ပြီးတော့ တစ်ဘက်က လိုအပ်ချက်အပေါ် မူတည်ပြီးတော့ သုံးစွဲသွားမှာ ဖြစ်ပါတယ်။ ကိုဗစ် ၁၉ ရဲ့ သဘာဝကလဲ ရေရှည် ဖြစ်လာနိုင်တဲ့ အတိုင်းအတာမှာလဲ နောက်ပိုင်း ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) တွေက သူရဲ့ အချိန်ကာလတစ်ခု ရောက်ရင် ဆက်ပြီးတော့ လိုအပ်လာမယ့်သဘောလဲ ရှိတာပေါ့ ။ အဲလိုအခါမျိုးမှာ သူရဲ့ Demand ကတော့ တောက်လျောက် ရှိနေမှာပေါ့ ။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ ကြိုဆိုတဲ့အကြောင်း ၊ ကျေးဇူးတင်တဲ့အကြောင်းကိုလဲ တင်ပြလိုပါတယ်။”၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆေးဝါးစက်ရုံတွင် Ready to fill (RTF) စနစ်ဖြင့် ထုတ်လုပ်သည့် Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဧပြီလ ၂၉ ရက်တွင် ၆ သိန်း doses နှင့် ဧပြီလ ၃၀ ရက်တွင် ၄ သိန်း doses ၊ စုစုပေါင်း (၁)သန်း doses ကို လွှဲပြောင်းလက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မေ ၄ ရက်တွင် နေပြည်တော်၊ ခုတင် (၅၀)ဆံ့ ဇဗ္ဗူသီရိဆေးရုံ၌ Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်းလည်း သိရသည်။ (Xinhua)