Environment, Disasters & Accidents
ရာသီဒဏ်ခံနိုင်သည့် နိုင်ငံတည်ဆောက်ရာတွင် ဝိုင်းဝန်းပါဝင်ရန် သမ္မတ တိုက်တွန်း
နေပြည်တော်၊ ဇွန် ၅ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံအား ရာသီဥတုဒဏ် ခံနိုင်ရည်ရှိသည့် နိုင်ငံအဖြစ် တည်ဆောက်ရာတွင် နိုင်ငံတော် အစိုးရ သာမက အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍ များ နှင့် ပြည်သူများ အားလုံးက တာဝန်ကိုယ်စီ လက်တွဲ ညီညီဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန် နိုင်ငံသား အားလုံးကို တိုက်တွန်းအပ်ပါကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယနေ့ ပြောကြား ခဲ့သည်။
“အနာဂတ်မှာ ကြုံတွေ့လာနိုင်တဲ့ စိန်ခေါ်မှုတွေကို သတိမူရမယ့်အပြင် စိန်ခေါ်မှုတွေကို ရင်ဆိုင် ဖြေရှင်း နိုင်ဖို့အတွက် ကျွန်ုပ်တို့ရဲ့ ဆောင်ရွက်ချက်များဟာ ညှိနှိုင်း ပေါင်းစပ်ရေး ရလဒ်ကောင်းတွေ ထွက်ပေါ်လာရေးနဲ့ ရေရှည်တည်တံ့ရေးတို့ လိုအပ်တယ်ဆိုတာကို အလေးဂရုပြုရပါမယ်” ဟုလည်း သမ္မတကြီးက ပြောခဲ့သည်။
သိပ္ပံပညာရပ်ဆိုင်ရာ ကြိုတင် ခန့်မှန်းချက်များအရ ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးများ ပိုမို ပြင်းထန် လာမှာ ဖြစ်ကြောင်း၊ ထို့ကြောင့် ရာသီဥတုဒဏ် ခံနိုင်ရည် ရှိပြီး ကာဗွန်ထုတ်လွှတ်မှု နည်းပါးသည့် လူ့အဖွဲ့အစည်းကို အလျင်အမြန် တည်ဆောက်ရမည် ဖြစ်ကြောင်း၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာ ရည်မှန်းချက်များအား သက်ဆိုင်ရာ ကဏ္ဍ အသီးသီး၏ ဖွံ့ဖြိုးမှု အစီအစဉ်များ တွင် ပေါင်းစပ် အကောင်အထည်ဖော်နိုင်ရေးကို နိုင်ငံတော်၏ ဦးစားပေး လုပ်ငန်း တစ်ရပ်အဖြစ် သတ်မှတ်ပြီး တာဝန် ကိုယ်စီ လက်တွဲ ညီညီဖြင့် ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်းလည်း သမ္မတကြီးက ပြောခဲ့သည်။
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကြွရောက်လာစဉ်။
၂၀၁၉ ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အခမ်းအနား ကျင်းပနေစဉ်။
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အဖွင့်အမှာစကားပြောကြားစဉ်။
ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် အမှုဆောင် ညွှန်ကြားရေးမှူးက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်မ၏ သဝဏ်လွှာကို ဖတ်ကြားစဉ်။
နိုင်ငံတော်သမ္မတက ၂၀၁၉ ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်စဉ်။
“သန့်စင်သော လေ ရှူရှိုက်ဖို့ လေထု ညစ်ညမ်းမှု တိုက်ဖျက်စို့” ဟူသော ဆောင်ပုဓ်ဖြင့် ကျင်းပ သည့် ၂၀၁၉ ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အခမ်းအနားကို နေပြည်တော် MICC II ၌ ယနေ့ ပြုလုပ်ခဲ့ရာ နိုင်ငံတော် သမ္မတ၏ မိန့်ခွန်း အပြီးတွင် အဆိုပါ အခမ်းအနားသို့ ပေးပို့လာ သော ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ကုလ သမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ် အမှုဆောင် ညွှန်ကြားရေးမှူးက ဖတ်ကြားခဲ့သည်။ ထို့နောက် “မြန်မာနိုင်ငံ၏ အမျိုးသား ပတ်ဝန်းကျင် ရေးရာ မူဝါဒနှင့် မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာ နှင့် ပင်မ လုပ်ငန်း အစီအစဉ် (၂၀၁၈ – ၂၀၃၀)” ကို ထုတ်ပြန်ကြညာခဲ့ပြီး နိုင်ငံတော် သမ္မတက ၂၀၁၉ ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ခဲ့သည်။
ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ် (UNEP) ၏ စစ်တမ်းအရ ကမ္ဘာပေါ်တွင် လေထု ညစ်ညမ်းမှု ကြောင့် အသက်မရှူလမ်းကြောင်းဆိုင်ရာ ရေဂါများဖြင့် နှစ်စဉ် လူဦးရေ ၄ ဒသမ ၃ သန်းခန့် သေဆုံး လျက်ရှိကြောင်း၊ စကမှု၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး ကဏ္ဍများ၏ အခိုးအငွေ့ ထုတ်လွှင့်မှု၊ တောမီးလောင်ကျွမ်းမှု၊ သဲနှင့် ဖုန်များပါသော မုန်တိုင်းတိုက်ခတ်မှုများကြောင့် ပြင်ပ လေထု ညစ်ညမ်းပြီး နှစ်စဉ် လူဦးရေ ၃ ဒသမ ၇ သန်းခန့် သေဆုံးလျက်ရှိကြောင်း၊ အရှေ့တောင် အာရှနှင့် အနောက် ပပစိဖိတ်ဒေသတို့တွင် ဆုံးရှုံးမှု အများဆုံး ဖြစ်ပြီး ကလေးနှင့် အမျိုးသမီးများက ပိုမို ခံစားရကြောင်း သိရသည်။(Xinhua)