Connect with us

Politics, Law & Military

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ကျပ်သိန်း ၁ သောင်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် အတူ ဘိန်းဖြူ ၊ ဘိန်းဆီခဲများ ဖမ်းဆီးရမိ


ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်တွင် ငွေကျပ် ၃,၉၄၂.၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ၊ ငွေကျပ် ၅၃၇.၆ သိန်း တန်ဖိုးရှိ ဘိန်းဆီခဲနှင့် ငွေကျပ် ၁၇,၀၁၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၃)မိုးညှင်းမှ နိုဝင်ဘာ ၃၀ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ဗဟိုကော်မတီမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ ရပ်ကွက်(၁)ရှိ နေအိမ်တစ်အိမ်သို့ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု (၃) မိုးညှင်းမှ တပ်ဖွဲ့ ဝင်များနှင့် တပ်မတော်မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သတင်းအရ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့အတူ ဆိပ်မူကျေးရွာ၊ ရပ်ကွက်(၁)ရှိ ရေခဲစက်အနီး လမ်းပေါ်တွင် တွေ့ရှိသူ ဆိပ်မူကျေးရွာအုပ်စု၊ မှော်ရှန် ကျေးရွာ နေသူ မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ ဆပ်ပြာခွက် ၁၈ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၁၈၀ ဂရမ်နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ၎င်းအားစစ်ဆေးရာ နေအိမ်တွင် ကျန်ရှိနေသေးကြောင်း ပေါ်ပေါက်၍ ဝင်ရောက်ရှာဖွေရာ ၎င်းအိပ်သည့်အိပ်ခန်း အတွင်းရှိ ပလတ်စတစ်အိတ်အတွင်းမှ ဆပ်ပြာခွက် ၃၉၇ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၃,၉၇၀ ဂရမ်၊ စုစုပေါင်း ဘိန်းဖြူအလေးချိန် ၄,၁၅၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃,၉၄၂.၅ သိန်း)၊ သံသေတ္တာအတွင်း ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၄၀,၀၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၇,၀၀၀ သိန်း)နှင့် ဘိန်းဆီခဲ ၁၁.၂ ကီလိုဂရမ် (ဒေသ ကာလ ပေါက်ဈေး တန်ဖိုးငွေ ကျပ် ၅၃၇.၆ သိန်း) တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ထို့ကြောင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ ဖားကန့်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။(Xinhua)