Connect with us

Politics, Law & Military

ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃) က ပြီးခဲ့သော ပြည်ထောင်စုသဘောတူ စာချုပ်များထက် ပို၍ ထူးခြားလေးနက်ပြီး အနှစ်သာရ ပြည့်ဝသည့် စာချုပ် ဖြစ်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား 

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေးတွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)အား လက်မှတ်ရေးထိုးနေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ ၊ စတုတ္ထအစည်းအဝေးတွင် လက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)သည် ပြီးခဲ့သည့် ပြည်ထောင်စု သဘောတူစာချုပ်များထက် ပိုမိုထူးခြား ၊ လေးနက်ပြီး ပိုမိုအနှစ်သာရ ပြည့်ဝသည့် စာချုပ်ဖြစ်ကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားခဲ့သည်။ 

“၃ ရက်တာ ညီလာခံကာလဟာ တိုတောင်းတယ် ဆိုပေမယ့် ဒီကနေ့ လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့တဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ဟာ လွယ်လွယ်ကူကူ ရရှိလာခဲ့တာတော့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တွေ့ကြုံရင်ဆိုင်ရမြဲဖြစ်တဲ့ အနိမ့်-အမြင့်၊ အတက်-အကျတွေ၊ တစ်ဖက်နဲ့တစ်ဖက် ကျေကျေလည်လည် ဖြစ်အောင် အချိန်ယူရတာတွေ၊ COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်တုံ့ပြန်ရေး ဆောင်ရွက်နေရတဲ့ အချိန်လည်း ဖြစ်နေတာတွေကြားက ခက်ခက်ခဲခဲ အချိန်ယူ ကြိုးပမ်းခဲ့ပြီးတဲ့နောက် ရရှိလာခဲ့တဲ့ သဘောတူစာချုပ် ဖြစ်ပါတယ်။ ဒါဟာ ကျွန်မတို့ အစုအဖွဲ့တွေအားလုံး ပါဝင် ရေးဆွဲခဲ့တဲ့ (၂၁)ရာစုပင်လုံ နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်ရဲ့ အားကောင်းမှုကို သက်သေပြသ နေသလို ဒီလုပ်ငန်းစဉ်မှာ ပါဝင်သူအားလုံးရဲ့ နိုင်ငံရေး စိတ်စေတနာ၊ စိတ်ပိုင်းဖြတ်မှုနဲ့ မဆုတ်မနစ် ကြိုးပမ်းမှုတို့ကို ထင်ထင်ရှားရှား မှတ်ကျောက်တင်လိုက်တာလည်း ဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညီလာခံတွင် ကျေးဇူးတင်စကား ပြောကြားနေစဉ်(ဆင်ဟွာ) 

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနေမှုများအား တွေ့ရစဉ်(ဆင်ဟွာ) 

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုခဲ့သည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃) ၏ အပိုင်း(၁) ၊ (၂) နှင့် (၃) တို့တွင် သဘောတူညီချက် ၂၀ ချက် နှင့် ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများကို ရရှိခဲ့ကြောင်း သိရသည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စာချုပ်၏ အပိုင်း(၁)တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)နှင့် ပတ်သက်သည့် နားလည်မှု ပြဿနာများ ၊  NCA ကို အကောင်အထည်ဖော်ရာတွင် တွေ့ကြုံခဲ့ရသည့် အခက်အခဲများကို ဖြေရှင်းနိုင်မည့် လမ်းကြောင်း တစ်ခု ၊ တံခါးတစ်ချပ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ 

စာချုပ်၏ အပိုင်း(၂) ၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များ နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများသည် အခြေခံမူများသက်သက်ကိုသာ ရှာဖွေနေခြင်းမျိုး မဟုတ်တော့ဘဲ ပြည်ထောင်စုကြီးကို လက်တွေ့ကျကျ အဆင့်လိုက် ဖော်ဆောင်သွားမည့် လုပ်ငန်းစဉ်များ ပါဝင်လာခဲ့ပြီ ဖြစ်ကြောင်း ၊ အဆင့်လိုက် ဆက်လက် ဆွေးနွေးညှိနှိုင်းကြသည့်အခါ ယခင်က အားလုံး သဘောတူရရှိခဲ့ပြီးဖြစ်သည့် အခြေခံမူ (၅၁) ချက်ကို အလိုက်သင့် ထည့်သွင်း အကောင်အထည် ဖော်သွား၍ ရပြီ ဖြစ်ကြောင်း ၊ စာချုပ်၏ အပိုင်း(၃)သည် မည်ကဲ့သို့ ပြည်ထောင်စုမျိုး ဖြစ်ချင်သလဲဆိုသည်ကို အားလုံး မျှဝေလက်ခံသည့် အနာဂတ်တွင် အားလုံး မြင်ချင် ၊ တွေ့ချင် ၊ ပေါ်ပေါက်လာစေချင်သည့် ပြည်ထောင်စုကြီး၏ ပုံသဏ္ဍာန်ကို လမ်းညွှန်အခြေခံမူများနှင့် ပုံဖော်ထားခြင်း ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားခဲ့သည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ဒီကနေ့ ဒီအချိန်မှာ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ ပြည်ထောင်စုကို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုအဖြစ် တည်ဆောက်မယ် ဆိုတာဟာ အငြင်းပွားစရာ မရှိတော့ပါဘူး။ ဒီကနေ့ ချုပ်ဆိုတဲ့ ပြည်ထောင်စုသဘောတူစာချုပ်၊ အပိုင်း(၃)အရ ဘယ်လိုအဆင့်တွေ၊ ဘယ်လို အစီအစဉ်တွေနဲ့သွားမယ် ဆိုတာကိုလည်း သဘောတူညီချက် ရရှိလာခဲ့ပါပြီ။ ဒီတော့ ဘယ်အချိန်မှာ ဘယ်အခြေအနေ၊ ဘယ်အနေအထားတွေကို ရောက်အောင်သွားကြမလဲ ဆိုတဲ့ တိုးတက်မှုပြ မှတ်တိုင်တွေ ပါဝင်လာမယ့် အသေးစိတ် အစီအစဉ်ကိုပဲ ကျွန်မတို့ ဆက်လက် ညှိနှိုင်း ကြရမှာပါ။”ဟု ထည့်သွင်း ပြောကြားခဲ့သည်။ 

“ညီလာခံအလွန်မှာရော ၊ ၂၀၂၀ အလွန်မှာပါ ဘယ်လိုအခက်အခဲပဲ ကြုံရကြုံရ ကျွန်မတို့ အစုအဖွဲ့တွေကြားမှာ တွေ့ဆုံဆွေးနွေး အမြင်ချင်းဖလှယ်ပြီး အဖြေရှာဖွေတဲ့ လမ်းကြောင်းတွေကို ဆက်လက်ဆောင်ရွက်သွားဖို့ လိုအပ်မှာ ဖြစ်ကြောင်း အလေးအနက်တိုက်တွန်း ပြောကြားလိုပါတယ်။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားခဲ့သည်။ 

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “အစိတ်အပိုင်း(၃) မှာ သုံးပိုင်းပါတယ်။ အပိုင်း(၁)ကတော့ NCAအကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက် ၁၅ ချက် ၊ အပိုင်း(၂) ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များ နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှု (ဇယား-၁) နဲ့ပြီးရင် အပိုင်း(၃)ကတော့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ ၅ ချက်။ အဲဒီတော့ သုံးပိုင်း ခွဲပြောမှ ရမယ်။ အချက်ပေါင်းလို့ ပြောလို့မရဘူး။တစ်ပိုင်းနဲ့ တစ်ပိုင်းက မတူဘူး။”ဟု ညီလာခံအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။ 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေးအား နေပြည်တော်၌ ဩဂုတ် ၁၉ ရက်မှ ၂၁ ရက်ထိ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) အား အပိုင်း(၃)ပိုင်းဖြင့် ချုပ်ဆိုခဲ့ကြောင်း သိရသည်။ (Xinhua)