Connect with us

Politics, Law & Military

တရားဥပဒေ စိုးမိုးရေး အထောက်အကူပြု ဥပဒေစာအုပ် မိတ်ဆက်ပွဲ ကျင်းပ

“တရားဥပဒေစိုးမိုးရေး နှင့် ဥပဒေ စကား ဥပဒေ စိတ်ထား” စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကျင်းပနေစဉ် (ဆင်ဟွာ

နေပြည်တော်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ တရားဥပဒေ စိုးမိုးရေး အထောက်အကူပြု အစီအစဉ်တစ်ရပ် အဖြစ် ထုတ်ဝေသည့် “တရားဥပဒေစိုးမိုးရေး နှင့် ဥပဒေ စကား ဥပဒေ စိတ်ထား” ဟူသည့် စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို နေပြည်တော် သင်္ဂဟ ဟိုတယ် တွင် ယနေ့နံနက် ၁၀ း ၀၀ နာရီ၌ ပြုလုပ်ခဲ့သည်။

ထိုစာအုပ် မိတ်ဆက်ရခြင်းနှင့် ပတ်သက်ပြီး “ကျွန်တော်တို့ကော်မရှင် အနေနဲ့စီစဉ်တာ မှန်ပေမယ့် ထုတ်ဝေသူ အနေနဲ့တော့ မဟုတ်ဘူး၊ ပြည်သူတွေကို အသိပညာပေးတဲ့ စာစဉ်အနေနဲ့ ဆက်လုပ်သွားမှာပါ၊ အဓိက ကတော့ တရားဥပဒေ စိုးမိုးရေး

အထောက် အကူ ပြုတဲ့ ကော်မရှင်ရဲ့ အစီအစဉ်တစ်ရပ်ကို ဆောင်ရွက်တာပါ၊ ကော်မရှင် အဖွဲ့ဝင်တွေထဲမှာ ဥပဒေရေးရာ ပိုင်းမှာ စာရေးသူတွေ ရှိပါတယ်၊ အထူးသဖြင့် ဥပဒေပိုင်း ဆိုင်ရာ ပြည်သူတွေကို အသိပညာ ပေးမယ့် စာအုပ် တွေကို အခုလို မိတ်ဆက်ပေးဖို့ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက လမ်းညွှန်ထားတဲ့ အတိုင်း ဆောင်ရွက်တာပါ” ဟု ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးစောလှထွန်းက ဆင်ဟွာကို ပြောသည်။

ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်၏ ဥပဒေ ရေးရာ ဆောင်းပါး ၁၇ ပုဒ်ကို စုစည်းထုတ်ဝေသည့် ထိုစာအုပ်၏ အဖွင့် အမှာစကားတွင် လည်း ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက “တရားမျှတသော ဥပဒေများ ပေါ်ထွန်းရေးနှင့် တရားဥပဒေ စိုးမိုးရေး တွင် ပြည်သူအားလုံး ပါဝင်နိုင်ကြပါစေ”ဟု ထည့်သွင်း ရေးသားထားသည်။

စာရေးသူ ဦးမြင့်နိုင် (မောင်စာဂ)က “ပြည်သူတွေကို အကျိုးပြုစေမယ့် ၊ ပြည်သူတွေ လက်ခံနိုင်တဲ့ မှန်ကန် မျှတတဲ့ ဥပဒေတွေ ပေါ်ထွက်ရေးကို အစဉ်တစိုက် အလေးထားဖို့၊ အဲဒါတွေနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ ရေးကြဖို့ကျွန်တော်တို့ကော်မရှင် ဥက္ကဋ္ဌကြီး သူရ ဦးရွှေမန်းက တိုက်တွန်းပါတယ်၊ သတင်းစာတွေမှာ အစဉ်တစိုက်ရေးခဲ့တဲ့ ဆောင်းပါးတွေထဲက ဒီ ၁၇ ပုဒ်ကို စုစုည်းပြီး စာအုပ်အဖြစ် ထုတ်ဝေလိုက်တာပါ”ဟု မီဒီယာများကို ရှင်းပြခဲ့သည်။

အဆိုပါ ကော်မရှင်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် စာရေးဆရာ မောင်စာဂ (ဦးမြင့်နိုင်) သည် ၁၉၇၃ ခုနှစ်တွင် တရားရေး အရာရှိ အဆင့် (၄) ဖြင့် စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး ရှေ့နေချုပ်ရုံး ဒုတိယ ရှေ့နေချုပ် အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။၂၀၁၁ ၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဖြစ်လာခဲ့သည်။ ယခင်က ဥပဒေ စာအုပ်များ၊ ဗုဒ္ဓဘာသာ အခြေခံ စာပေများ ရေးသားခဲ့ပြီး ရွေးကောက်ပွဲကာလတွင် ရွေးကောက်ပွဲ သီချင်းများ အပါအဝင် ကာလပေါ် သီချင်း အချို့ရေးသားခဲ့သည် ဟု စာရေးသူ ဦးမြင့်နိုင်က ပြောသည်။

ထို စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားသို့ကော်မရှင် အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် စာကြည့်တိုက်များသို့စာရေးသူက စာအုပ်များ လှူဒါန်းခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.