Connect with us

Politics, Law & Military

မသန်စွမ်းသူများ နှင့် သက်ကြီးရွယ်အို မဲဆန္ဒရှင်များ ယခုထက် ပို၍ ရွေးကောက်ပွဲများတွင် ပါဝင် လာနိုင် အောင် ဆောင်ရွက် ပေးသွားမည်

မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် လူနည်းစုများ၏ အခွင့်အရေးမြှင့် တင်ခြင်း ဆိုင်ရာ ကဏ္ဍပေါင်းစုံမှ ပါဝင်ပတ်သက်သူများ၏ ဆွေးနွေးပွဲ ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ)

မသန်စွမ်း သူများနှင့် သက်ကြီးရွယ်အို မဲဆန္ဒရှင်များ အနေဖြင့် ယခုထက်ပို၍ ရွေးကောက်ပွဲများတွင် ပါဝင် လာနိုင်အောင် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားခဲ့သည်။

မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် လူနည်းစုများ၏ အခွင့်အရေးမြှင့် တင်ခြင်း ဆိုင်ရာ ကဏ္ဍပေါင်းစုံမှ ပါဝင်ပတ်သက်သူများ၏ ဆွေးနွေးပွဲအား ရန်ကုန်မြို့ ပြည်လမ်းရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဗဟိုဌာန (IBC)၌ ဇန်နဝါရီ ၁၈ ရက် ဖွင့်ပွဲ ပြုလုပ်ရာတွင် ထိုကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အနာဂတ်တွင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အကူအညီများဖြင့် မဲဆန္ဒရှင် များ ဆန္ဒမဲပေးခွင့် အပြည့်အ၀ ရရှိစေရေး နှင့် မသန်စွမ်းသူများ အဆင်ပြေစွာ ဆန္ဒမဲပေး နိုင်ရေး တို့ အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မသန်စွမ်း မဲဆန္ဒရှင်များ အတွက် စံပြမဲရုံ ၁၈ ရုံ၊ ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ တွင် မသန်စွမ်း မဲဆန္ဒရှင်များ အတွက် စံပြမဲရုံ ၉ ရုံ စီစဉ် ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့အတူ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲ များတွင် မသန်စွမ်းသူများနှင့် အကူအညီ လိုအပ်သူများအတွက် လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ လက်စမ်းစာဖြင့် မဲပေး နိုင်သောစနစ်အား တီထွင်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုဆွေးနွေးပွဲတွင် “ကျွန်တော်တို့ကို ချန်မထားခဲ့ပါနဲ့(Don’t Leave Us Behind)” ဆိုသည့် ဆောင်ပုဒ်ဖြင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (MILI)က ကြီးမှူး၍ ဇန်နဝါရီ ၁၈ ရက် မှ ဇန်နဝါရီ ၁၉ ရက်အထိ ၂ ရက်တာကျင်းပသွားမည်ဖြစ်ပြီး “မသန်စွမ်းမှု၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုရေးဝန်ဆောင်မှုများ”၊ “မသန် စွမ်းမှုနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ၊ သက္ကရာဇ် ၂၀၃၀ ကမ္ဘာ့လုပ်ငန်း စဉ်များ”၊ “မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် လူနည်းစုများ၏ နိုင်ငံရေးအရပါဝင်မှု မြှင့်တင်ခြင်း”၊ “မသန်စွမ်းသူများနှင့် ဖယ်ကြဉ်ခံပြည်သူများ အကျုံးဝင်ပါဝင်မှုကို ဦးတည်သော အတွေ့အကြုံ၊ အလေ့အထကောင်းများ”၊ “စစ်မှန်သောအခွင့်အရေး စွမ်းဆောင်ပေးရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ရယူသုံးစွဲနိုင်မှု”၊ “လူတိုင်း အကျုံးဝင်ရေးအတွက် ဖော်ဆောင်ရမည့် မဟာဗျူဟာများ၊ လုပ်ဆောင်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ”နှင့် “အားလုံးအကျုံးဝင်သော ဥပဒေနှင့်မူဝါဒများ” စသည့် ခေါင်းစဉ် များဖြင့် ကဏ္ဍများခွဲ၍ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။(Xinhua)