Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်တွင်း တပ်မတော်နှင့် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ အင်အား ၃၀၀ခန့် အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွား

ရခိုင်ပြည်နယ် အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်များအား ရှင်းလင်းနေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်တွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော တပ်မတော်နှင့် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ အင်းအား ၃၀၀ခန့် အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း လျက်ရှိရာ အောက်တိုဘာ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့် တွင် မောင်တောမြို့နယ် ပြောင်းပစ်ကျေးရွာ၏ အရှေ့ဘက် မီတာ ၅၀၀ ခန့် နေရာသို့ တပ်မတော်စစ်ကြောင်းမှ ရှင်းလင်းစဉ် တောင်ကုန်းပေါ်၌ အသင့်နေရာယူထားသော အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ အင်အား ၃၀ ခန့်က လက်နက်ငယ်များ၊ စက်သေနတ်များ ဖြင့် တိုက်ခိုက်သဖြင့် တပ်မတော်စစ်ကြောင်းက ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ယင်း အပြန်အလှန်ပစ်ခတ်နေစဉ် တပ်မတော်စစ်ကြောင်း နေရာယူထားသည့် နေရာ၏ မြောက်ဘက်နှင့် အနောက်ဘက်တို့မှ အကြမ်းဖက်စီးနင်းတိုက် ခိုက်သူ အင်အား ၃၀၀ ခန့်က လက်နက်ငယ်များ၊ ဓားနှင့်တုတ်များ ကိုင်ဆောင်၍ ထပ်မံတိုက်ခိုက်လာသဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ အနောက် ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားသည်။အဆိုပါ အပြန်အလှန်ပစ်ခတ်စဉ် စစ်သည် လေးဦးကျဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများထံမှ အလောင်း တစ်လောင်း၊ သေနတ် နှစ်လက်နှင့် ကျည်အိမ် နှစ်ခုတို့အား သိမ်းဆည်းရမိခဲ့သည်။ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း ကျေးရွာများတွင် တပ်မတော်စစ်ကြောင်းများ ဝင်ရောက်ရှင်းလင်းစဉ် ကျေးရွာတာဝန်ခံတဦး အပါအဝင် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၄ ဦး အရှင်ဖမ်းဆီးရမိခဲ့သည်။(Xinhua)