Connect with us

Politics, Law & Military

လိုင်စင်မဲ့ယာဉ် ဟုတ်၊ မဟုတ် ကညန တွင်စစ်ဆေးနိုင်

ရန်ကုန်မြို့တွင် သွားလာလျက်ရှိသည့်မော်တော်ကားများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၁ရက် (ဆင်ဟွာ)

လိုင်စင်မဲ့ယာဉ် များအား လိမ်လည် ရောင်းချခြင်းများ ရှိနေသည့်အတွက် ဝယ်ယူမည့် မော်တော်ယာဉ် များကို လိုင်စင်မဲ့ယာဉ် ဟုတ်၊ မဟုတ် ကိုသိနိုင်ရန် အုံနာဘုတ်၊ ဝှီးတက်တို့ ယူဆောင်ကာ လာရောက် စစ်ဆေးနိုင်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

ယင်းကဲ့သို့ လာရောက် စစ်ဆေးရာတွင် ရောင်းချမည့်သူ သို့မဟုတ် လာရောက် ဆောင်ရွက်သူ၏ နိုင်ငံသား မှတ်ပုံတင်၊ ယာဉ်မှတ်ပုံတင် စာအုပ်၊ ဝှီးတက်နှင့် စစ်ဆေးမည့်ယာဉ် များကို တစ်ပါတည်း ယူဆောင်၍ လာရောက်စစ်ဆေးရမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မော်တော်ယာဉ် မစစ်ဆေးမီ ပိုင်ရှင် မှန်ကန်မှုမရှိပါက ယာဉ်မှတ်ပုံတင် စာအုပ်နှင့် ယာဉ်တို့ကို သက်ဆိုင်ရာမှ သိမ်းဆည်း အရေးယူသွားမည် ဖြစ်သောကြောင့် သိရှိကြောင်း ဝန်ခံလက်မှတ် ရေးထိုးရမည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ မော်တော်ယာဉ်များ ရောင်းချရာတွင် လိုင်စင်မဲ့ယာဉ် များကို စာအုပ်အတု လုပ်ကာ ရောင်းချခြင်းများ ရှိနေသည့်အတွက် စစ်ဆေးမှုများ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)