Connect with us

Social

မြန်မာနိုင်ငံရှိ ကိုးကွယ်ရာ ဘာသာအလိုက် လူဦးရေ ရာခိုင်နှုန်း ထုတ်ပြန်

အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြည်ထောင်စု (ကိုးကွယ်သည့် ဘာသာ) သန်းခေါင်စာရင်း အစီရင်ခံစာ ရှင်းလင်းပွဲတွင် ရှင်းလင်းတင်ပြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင်၂၀၁၄ ခုနှစ်၌ ဗုဒ္ဓဘာသာဝင် ၈၇.၉ ရာခိုင်နှုန်း၊ ခရစ်ယာန် ၆.၂ ရာခိုင်နှုန်း၊ အစ္စလာမ် ဘာသာဝင် ၄.၃ ရာခိုင်နှုန်း၊ ဟိန္ဒူ ဘာသာဝင် ဝ.၅ ရာခိုင်နှုန်း၊ နတ်ကိုးကွယ်သူ ဝ.၈ ရာခိုင်နှုန်း၊ အခြားဘာသာဝင် ဝ.၁ ရာခိုင်နှုန်း နှင့် ဘာသာမဲ့ ဝ.၁ ရာခိုင်နှုန်း ရှိသည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ (၂- ဂ) ဖြင့် ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစီရင်ခံစာတွင် ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အတွင်း ဘာသာဝင်ဦးရေ ရာခိုင်နှုန်း အပြောင်းအလဲများကို ဖော်ပြထားပြီး ဟိန္ဒူဘာသာဝင်ဦးရေ ရာခိုင်နှုန်းမှာ အနှစ် လေးဆယ် အတွင်း အပြောင်းအလဲ မရှိကြောင်း၊ ကျန်ဘာသာဝင်များမှာ အပြောင်းအလဲ အနည်းငယ်စီ ရှိကြပြီး မြန်မာနိုင်ငံတွင် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ သန်းခေါင်စာရင်း မကောက်ယူနိုင်သည့် အတွက် ရာခိုင်နှုန်း အပြောင်းအလဲများ ရှိရကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောသည်။
“သန်းခေါင်စာရင်း မကောက်ယူနိုင်တဲ့ ကရင်ပြည်နယ်နဲ့ကချင်ပြည်နယ်တို့ရဲ့ လူဦးရေ အရွယ်အစားက သေးတဲ့အတွက် ပြည်ထောင်စုနဲ့ပြည်နယ်အဆင့် ကိုးကွယ်တဲ့ ဘာသာအလိုက် လူဦးရေ အချိုးအစားအပေါ်မှာ အကျိုးသက်ရောက်မှု များစွာ မရှိနိုင်ပါဘူး။ ရခိုင်ပြည်နယ်မှာတော့ စာရင်းမကောက်နိုင်တဲ့ လူဦးရေ အရွယ်အစားက အတန်အသင့် ကြီးမားတဲ့အတွက် အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ ရခိုင်ပြည်နယ်မှာ နိုင်ငံတော်က အသိအမှတ်မပြုတဲ့ လူမျိုးအမည်ကို ဖြေဆိုခွင့် မရတဲ့အတွက် စာရင်းကောက်မခံတဲ့ ခန့်မှန်း လူဦးရေ ၁.၀၉ သန်း ရှိပါတယ်။ အဲဒီလူဦးရေ အများစုဟာ အစ္စလာမ်ဘာသာဝင်များလို့ယူဆရပါတယ်။ အဆိုပါ ယူဆချက်အရ အခု စာရင်းကို ထုတ်ပြန်ထားတာ ဖြစ်ပါတယ်” ဟု နေပြည်တော် Hotel Max တွင် ယနေ့နံနက် ၁၀း၀၀ နာရီ၌ ပြုလုပ်သည့် ပြည်ထောင်စု (ကိုးကွယ်သည့် ဘာသာ) သန်းခေါင်စာရင်း အစီရင်ခံစာ ရှင်းလင်းပွဲတွင် ပြည်ထောင်စု ဝန်ကြီးက ရှင်းပြခဲ့သည်။

ပြည်ထောင်စု (ကိုးကွယ်သည့် ဘာသာ) သန်းခေါင်စာရင်း အစီရင်ခံစာ ရှင်းလင်းပွဲသို့ တက်ရောက်လာသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ပြည်ထောင်စု (ကိုးကွယ်သည့် ဘာသာ) သန်းခေါင်စာရင်း အစီရင်ခံစာ ရှင်းလင်းပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)
ယခု အစီရင်ခံစာသည် ၂၀၁၄ သန်းခေါင်စာရင်းတွင် စာရင်းကောက်ယူ ရရှိသော လူဦးရေနှင့် စာရင်း မကောက်ယူနိုင်သည့် ဒေသများအတွက် ခန့်မှန်း လူဦးရေ အပါအဝင် လူဦးရေ ၅၁,၄၈၆,၂၅၃ ဦးကို အခြေခံ တွက်ချက်ထားခြင်း ဖြစ်သည်ဟုလည်း ဝန်ကြီးက ရှင်းပြသည်။
စာရင်း မကောက်ယူနိုင်သော ခန့်မှန်း လူဦးရေမှာ တစ်နိုင်ငံလုံးတွင် ၁,၂၀၆,၃၅၃ ဦးရှိပြီး ကချင်ပြည်နယ်တွင် ၄၆,၆၀၀ ဦး၊ ကရင်ပြည်နယ်တွင် ၆၇,၇၅၃ ဦး နှင့် ရခိုင်ပြည်နယ်တွင် ၁,၀၉၀ ,၀၀၀ ဦး ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုစာရင်းအရ ဗုဒ္ဓဘာသာဝင် ၄၅,၁၈၅,၄၄၉ ဦး၊ ခရစ်ယာန် ၃,၁၇၂,၄၇၉ ဦး၊ အစ္စလာမ် ၁,၁၄၇,၄၉၅ ဦး၊ ဟိန္ဒူ ၂၅၂,၇၆၃ ဦး၊ နတ်ကိုးကွယ်သူ ၄၀၈,၀၄၅ ဦး၊ အခြားဘာသာဝင် ၈၂,၈၂၅ ဦး နှင့် ဘာသာမဲ့ ၃၀,၈၄၄ ဦးတို့ရှိကြသည်။
ဗုဒ္ဓဘာသာဝင်ဦးရေသည် ၁,၉၇၃ ခုနှစ်နှင့်ယှဉ်ပါက အနှစ် လေးဆယ်အတွင်း ဝ.၉ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး ခရစ်ယာန်ဘာသာဝင်ဦးရေသည် ၁.၆ ရာခိုင်နှုန်းတိုးလာကာ အစ္စလာမ် ဘာသာဝင်သည် ဝ.၄ ရာခိုင်နှုန်းသို့တိုးလာသည်။ ဟိန္ဒူဘာသာဝင် ဦးရေကမူ အနှစ်လေးဆယ် အတွင်း အပြောင်းအလဲမရှိ တည်ငြိမ်လျက်ရှိသည်။ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက www.dop.gov.mm သို့ ဝင်ရောက် ကြည့်ရှုနိုင်သည် ဟုလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.