Sport
မြန်မာ့လက်ရွေးစင် ယူ-၁၉ ဖူဆယ်အသင်း ထိုင်းနိုင်ငံတွင် ကျင်းပမည့် အာရှခြေစစ်ပွဲသွားရောက် ယှဉ်ပြိုင်မည်
ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
မြန်မာ့လက်ရွေးစင် ယူ-၁၉ ဖူဆယ်အသင်းသည် ထိုင်းနိုင်ငံတွင် ကျင်းပမည့် 2019 AFC U-20 Futsal Championship qualification ၂၀၁၉ အာရှယူ-၂၀ ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲ ယှဉ်ပြိုင်ရန် ထိုင်းနိုင်ငံသို့ ယနေ့သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၅ ရက်တွင် ပြိုင်ပွဲစတင်မည် ဖြစ်သော်လည်း မြန်မာလက်ရွေးစင် ယူ-၁၉ ဖူဆယ်အသင်း အနေဖြင့် ထိုင်းနိုင်ငံတွင် လေ့ကျင့်ခြေစမ်းပွဲများ ကစားရန် စီစဉ်ထားသဖြင့် တစ်ပတ်ခန့် ကြိုတင် သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာလက်ရွေးစင် ယူ-၁၉ ဖူဆယ် အသင်းသည် နိုဝင်ဘာ ၂၉၊ ၃၀ နှင့် ဒီဇင်ဘာ ၁ ရက်တွင် ထိုင်းဖူဆယ် ကလပ်များနှင့် ခြေစမ်းရန် စီစဉ်ထားသည်။
၂၀၁၉ အာရှယူ-၂၀ ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲတွင်မူ အာဆီယံဇုန်တွင် ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား အသင်းတို့နှင့် ယှဉ်ပြိုင် ရမည်ဖြစ်သည်။
မြန်မာလက်ရွေးစင် ယူ-၁၉ ဖူဆယ်အသင်း အနေဖြင့် ဒီဇင်ဘာ ၅ တွင် မလေးရှား၊ ဒီဇင်ဘာ ၆ တွင် ဗီယက်နမ်၊ ဒီဇင်ဘာ ၇ တွင် ထိုင်း၊ ဒီဇင်ဘာ ၈ တွင် အင်ဒိုနီးရှား အသင်းတို့နှင့် ခြေစစ်ပွဲ ကစားရမည်ဖြစ်ပြီး အုပ်စု ပထမ၊ ဒုတိယနှင့် တတိယ အသင်းတို့ ခြေစစ်ပွဲ အောင်မြင်မည် ဖြစ်သည်။
မြန်မာလက်ရွေးစင် ယူ-၁၉ ဖူဆယ်အသင်းသည် ခြေစစ်ပွဲမတိုင်မီ ထိုင်းလေ့ကျင့်ခြေစမ်း ခရီးအတွက် ကစားသမား ၁၈ ဦးကို ခေါ်ဆောင်သွားမည် ဖြစ်ပြီး အပြီးသတ် ကစားသမားစာရင်း ဖြတ်သည့်အခါ ၁၄ ဦးကို ရွေးချယ်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)