Connect with us

Sino-Myanmar

မြန်မာနိုင်ငံ ခေတ်မီစိုက်ပျိုးရေးနည်းပညာသင်တန်းကို တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ် ရွှေလီမြို့၌ စတင်ဖွင့်လှစ်

ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ခေတ်မီစိုက်ပျိုးရေးနည်းပညာသင်တန်းကို အောက်တိုဘာလ ၁၁ ရက်တွင် တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ် ရွှေလီမြို့၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ အောက်တိုဘာ ၁၂ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါသင်တန်းတွင် တရုတ်-မြန်မာ နှစ်နိုင်ငံမှပညာရှင်များက “စိုက်ပျိုးရေးသိပ္ပံနည်းပညာ” နှင့် “ဆွေမျိုးပေါက်ဖော်သံယောဇဉ်” ဟူသော ခေါင်းစဉ်နှစ်ခုဖြင့် ပူးပေါင်းဆောင်ရွက် ကူးလူးဖလှယ်မှုများ နက်ရှိုင်းစေပြီး “ဆွေမျိုးပေါက်ဖော်” သံယောဇဉ်ကို ဆက်လက်ရေးသားသွားကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ မြန်မာနိုင်ငံဘက်မှ အစိုးရအရာရှိ၊ စိုက်ပျိုးရေးသိပ္ပံနည်းပညာဝန်ထမ်း၊ လုပ်ငန်းကုမ္ပဏီမှ ကိုယ်စားလှယ်များ ၂၈ ဦး တက်ရောက်ခဲ့ပြီး ရည်ရွယ်ချက်မှာ ယူနန်-မြန်မာ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ်ဖော်ဆောင်၍ “Belt and Road” နှင့် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း အတူတကွတည်ဆောက်ရေး လက်တွေ့ကျကျဖော်ဆောင်ရန်ဖြစ်ကြောင်း သိရသည်။

ယခုအကြိမ် သင်တန်းတွင် တရုတ်နိုင်ငံဘက်မှ သင်ကြားမည့်ပညာရှင်များသည် ကော်ဖီ၊ လိမ္မော်သီး၊ ဆန်စပါး၊ ငှက်ပျောသီးနှင့် ပြောင်းဖူးစသည့် စိုက်ပျိုးသီးနှံများ စိုက်ပျိုးရေး၊ အဖျက်ပိုးများ ဇီဝနည်းဖြင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနည်းပညာ စသည့်နယ်ပယ်များမှဖြစ်ပြီး ပြည့်ဝသည့် စာတွေ့နှင့် လက်တွေ့လုပ်ဆောင်သော အတွေ့အကြုံများရှိသူများဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
သင်တန်းကာလမှာ ၇ ရက်ဖြစ်ပြီး လက်တွေ့ကူးလူးဖလှယ်ဆွေးနွေးမှုပါဝင်ကာ အပူပိုင်းစီးပွားဖြစ်ထွက်ကုန်စိုက်ပျိုးရေးအား လက်တွေ့သွားရောက် လေ့လာမှုများလည်း ပါဝင်ကြောင်း သိရသည်။

ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်က မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ကြောင်း၊ ယခုအကြိမ်သင်တန်းသည် မြန်မာနိုင်ငံစိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုပြီး စိုက်ပျိုးရေးကုမ္ပဏီများက ခေတ်မီနည်းပညာဖြင့် မိမိအရည်အချင်းနှင့် နိုင်ငံတကာတွင် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကိုမြှင့်တင်ပေးမည့်အပြင် မြန်မာနိုင်ငံအတွက် ပိုများသည့်အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်လိမ့်မည်ဟု ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)