Connect with us

Sino-Myanmar

မြန်မာနိုင်ငံ ဆန်စပါးအသင်း၏ အကြံပေး ဦးသက်ဇင်မောင်သည် Yuntianhua စံပြကွက်သို့ သွားရောက်ကာ ခေတ်မီစိုက်ပျိုးရေး အလေ့အထများကို ချီးမွမ်းစကားပြောကြား

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှ ကုမ္ပဏီနှင့် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့နှင့်အတူ ပူးပေါင်း၍ ဒေသခံတောင်သူလယ်သမားများအတွက် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၈ ရက် အသိပညာဝေမျှသည့် ဆွေးနွေးပွဲတွင် ဦးသက်ဇင်မောင် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ဆန်စပါးအသင်း၏ အကြံပေး ဦးသက်ဇင်မောင်သည် Yuntianhua စံပြကွက်သို့ သွားရောက်ကာ ခေတ်မီစိုက်ပျိုးရေး အလေ့အထများကို ချီးမွမ်းစကားပြောကြားခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်တွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးသက်ဇင်မောင်သည် မြန်မာနိုင်ငံစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရန်ကုန်စိုက် ပျိုးရေးဦးစီးဌာနနှင့် Yuntianhua တို့ ပူးပေါင်းလုပ်ဆောင်ထားသည့် ဧက ၃၀ ကျယ်ဝန်းသော စပါးမျိုးစေ့စံပြကွက်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ယင်းစံပြကွက်မှာ ယခုနှစ်အတွင်း တွေ့ခဲ့ရသမျှစံပြကွက်များထဲတွင် အကောင်းဆုံးစံပြကွက်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
ဤစံပြကွင်း၏အောင်မြင်မှုရရှိခြင်းမှာ ခေတ်မီစိုက်ပျိုးရေးနည်းပညာနှင့် ပြည့်စုံသောစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များကြောင့်သာဖြစ်ကြောင်း၊ မြေဆီလွှာအားစမ်းသပ်ခြင်းနှင့် ဖော်စပ်ဓာတ်မြေသြဇာနည်းပညာကို အသုံးပြုခြင်းကြောင့် စပါးပင်အတွက် လိုအပ်သည့်အာဟာရကို လုံလောက်စွာရရှိစေကြောင်း သိရသည်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဦးသက်ဇင်မောင်မှ စပါးမရိတ်သိမ်းမီ ရက်အနည်းငယ်အလိုတွင် တောင်သူလယ် သမားများတွေ့ဆုံပွဲအခမ်းအနားကိုပြုလုပ်ကာ အနီးနားရှိ တောင်သူများကိုဖိတ်ကြား၍ အောင်မြင်စွာ စိုက်ပျိုးထားသည့်ရလဒ်များကို မျက်မြင်ကိုယ်တွေ့ တွေ့ရှိနိုင်စေရန်နှင့် စိုက်ပျိုးမှုလုပ်ငန်းစဉ်တစ်ခုလုံး၏ စိုက်ပျိုးနည်းစနစ်များအား တောင်သူများနှင့် မျှဝေသိရှိနိုင်စေရန် အကြံပြုခဲ့သည်။

တရုတ်ဓာတ်မြေသြဇာကုမ္ပဏီတစ်ခုဖြစ်သည့် Yuntianhua သည် ၂၀၁၇ ခုနှစ်မှ စတင်၍ Yuntianhua Study Abroad Fund နှင့် “Yuntianhua Scholarship” ကို မြန်မာနိုင်ငံရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် စိုက်ပျိုးရေးသိပ္ပံသုတေသနနှင့် စိုက်ပျိုးရေးစွမ်းရည်မြှင့်သင်တန်းများ ရန်ပုံငွေအဖြစ် စုစုပေါင်း ယွမ်ငွေ ၃ သန်းနီးပါး ပေအပ်ခဲ့ရာ ကျောင်းသား၊ ဆရာ/မ ၂၀၀ ကျော်အား အကျိုးပြုစေခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံတောင်သူလယ်သမားများ၏ သိပ္ပံနည်းကျစိုက်ပျိုးမှု အဆင့်မြှင့်တင်ရန်အတွက် Yuntianhua သည် စမ်းသပ်ကွက်တည်ဆောက်ခြင်းနှင့် တောင်သူလယ်သမားများအား အသိပညာပေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ယခုအချိန်အထိ စံပြကွက် စုစုပေါင်း ၃,၅၉၀ ဧက စိုက်ပျိုးခဲ့ပြီး တောင်သူလယ်သမားအား အသိပညာပေးလုပ်ငန်းများ ၆၃၅ ကြိမ် ပြုလုပ်ခဲ့ရာတောင်သူ ၈၀,၀၀၀ ကျော်ကို အကျိုးပြုနိုင်ခဲ့ကြောင်း သိရသည်။

အနာဂတ်တွင်၊ Yuntianhua သည် Yunnan Academy of Agricultural Sciences မှ International Agricultural Research Institute နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံအတွက် ပြီးပြည့်စုံသည့် စိုက်ပျိုးဖြေရှင်းနည်းများ ကူညီပံ့ပိုးပေးနိုင်ရန်၊ စိုက်ပျိုးရေးဆိုင်ရာ ဓာတုဗေဒဝန်ဆောင်မှုများ အဆင့်မြှင့်တင်ရန်၊ မြန်မာ့စိုက်ပျိုးရေး ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ မြန်မာ့စိုက်ပျိုးရေး ကဏ္ဍကို မြှင့်တင်ရန် နှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးများအတွက် အစဉ်တစိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)