Connect with us

Sino-Myanmar

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ကျင်းပမည့် အာရှမသန်စွမ်းအားကစားပြိုင်ပွဲအတွက် မြန်မာအားကစားသမားများလေ့ကျင့်ပြင်ဆင်လျက်ရှိ (သတင်းဆောင်းပါး)

မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမားများ လေ့ကျင့်ပြင်ဆင်နေမှုကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ကျင်းပမည့် (၄) ကြိမ်မြောက် အာရှမသန်စွမ်း အားကစားပြိုင်ပွဲ မတိုင်မီ ရက်သတ္တပတ် ၁ ပတ်ကျော် အလိုတွင် မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမားများသည် ၎င်းတို့ယှဉ်ပြိုင်မည့် အားကစားနည်းများကို အားကြိုးမာန်တက်လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။

မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမားများ လေ့ကျင့်ပြင်ဆင်နေမှုကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမားများ လေ့ကျင့်ပြင်ဆင်နေမှုကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမားများ လေ့ကျင့်ပြင်ဆင်နေမှုကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမားများ လေ့ကျင့်ပြင်ဆင်နေမှုကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်တွင် ကျင်းပမည့် အာရှမသန်စွမ်း အားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်၊ ဘော်လီဘောနှင့် ရေကူးအားကစားနည်းများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံ မသန်စွမ်း အားကစား အဖွဲ့ချုပ်မှ အားကစားသမား စုစုပေါင်း ၁၆ ဦး စေလွှတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးမင်းနိုင်ဦး၏ ပြောကြားချက်အရ သိရသည်။

မြန်မာ့လက်ရွေးစင် မသန်စွမ်း အားကစားသမားတစ်ဦးဖြစ်သူ အသက် ၂၈ နှစ် အရွယ်ရှိ ကိုစိုးပေသည် တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ကျင်းပမည့် ၄ ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲတွင် မီတာ ၁၀၀ နှင့် မီတာ ၂၀၀ အပြေးပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန် အစွမ်းကုန်ကြိုးစားပြင်ဆင်လျက်ရှိသည်။

ကိုစိုးပေက “ကျွန်တော့်အနေနဲ့ နိုင်ငံတကာပြိုင်ပွဲအနေနဲ့ ၃ ပွဲ ယှဉ်ပြိုင်ပြီးပါပြီ။ မလေးရှားနိုင်ငံမှာလုပ်တဲ့ မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာတော့ အဆင့် ၄ နဲ့ကျေနပ်ခဲ့ရတယ်။ ၂၀၂၂ ခုနှစ် အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ ဆီးဂိမ်းစ် ပြိုင်ပွဲမှာတော့ ရွှေ ၂ ခုနဲ့ ငွေ ၁ ခု ရရှိခဲ့ပါတယ်။ ပြီးတော့ အခု ၂၀၂၃ ခုနှစ် ကမ္ဘောဒီးယား ဆီးဂိမ်းစ်ပြိုင်ပွဲမှာတော့ ရွှေ ၁ ခု၊ ငွေ ၁ ခု နဲ့ ကြေး ၂ ခု ရယ်ရရှိခဲ့ပါတယ်” ဟု အောက်တိုဘာ ၁၂ ရက်တွင်ပြောသည်။

ကိုစိုးပေက “တရုတ်နိုင်ငံမှာ သွားပြိုင်ရမယ်ဆိုတော့ စိတ်တော့လှုပ်ရှားနေပါတယ်။ နည်းပညာပိုင်းရော၊ ထောက်ပံ့မှုအပိုင်းတွေရော အရာအားလုံးက ကိုယ့်ထက်တောက်လျှောက်ကောင်းနေတဲ့ ကစားသမားတွေနဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ စိတ်တော့လှုပ်ရှားမိတယ်။ ကိုယ့်ဘက်ကလည်း အများကြီးပြင်ဆင်ထားပါတယ်။ ပြိုင်ဘက်ကောင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ အစွမ်းကုန်ကြိုးစားနေပါတယ်။ အပွင့်လင်းဆုံးပြောရရင်တော့ သူများနိုင်ငံမှာ အောင်မြင်မှုကြောင့်ရရှိတဲ့ ကိုယ့်နိုင်ငံအလံကို လွှင့်ချင်တယ်ပေါ့” ဟု ပြောသည်။

မြန်မာ့လက်ရွေးစင် မသန်စွမ်း ထိုင်လျက်ဘော်လီဘောအသင်းမှ အသက် ၃၃ နှစ်အရွယ် အသင်းခေါင်းဆောင် ကိုကျော်ကျော်အောင်က အာရှမသန်စွမ်း အားကစားပြိုင်ပွဲတွင် ထိပ်ဆုံးအသင်းလေးသင်းသို့ ဝင်ရောက်နိုင်ရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။

ကိုကျော်ကျော်အောင်က “ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာပွဲစဉ်တွေအနေနဲ့ ၂၀၁၈ ဆီးဂိမ်းစ်၊ ၂၀၂၂ ဆီးဂိမ်းစ်၊ ၂၀၂၃ ဆီးဂိမ်းစ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖူးတယ်။ လူသစ်ကစားသမားတွေဖြစ်ပါတယ်။ အခုမှ ကျွန်တော်တို့က Team Work မိရုံပဲရှိပါသေးတယ်။ ကျွန်တော်တို့ မြန်မာ့လက်ရွေးစင် ထိုင်လျက် ကစားသမားတွေအနေနဲ့ကတော့ အရပ်မြင့်တဲ့ ပြိုင်ဘက်အသင်းတွေနဲ့ တွေ့ရင်ခက်ခဲတယ်။ အသင်းအနေနဲ့ အဓိက လိုအပ်ချက်ကတော့ စည်းလုံးမှုပါ” ဟု ဆင်ဟွာသို့ အောက်တိုဘာ ၁၂ ရက်တွင်ပြောသည်။

အာရှအဆင့်အနေဖြင့် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် စိတ်လှုပ်ရှားလျက် ရှိကြောင်း ကိုကျော်ကျော်အောင်ကဆိုသည်။
“ဆုရရှိဖို့ကတော့ မမှန်းရဲပါဘူး။ အသင်းကြီး၊ နိုင်ငံကြီးတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ အတွေ့အကြုံတွေတော့ ကောင်းကောင်းရမယ်လို့ထင်ပါတယ်။ ဒီအာရှမသန်စွမ်းအားကစားပြိုင်ပွဲမှာ အဆင့် ၄ အထိ ဝင်ဖို့တော့ ကြိုးစားနေပါတယ်” ဟု ကိုကျော်ကျော်အောင်က ဖြည့်စွက်ပြောကြားခဲ့သည်။

အသက် ၃၉ နှစ်အရွယ်ရှိ မြန်မာ့လက်ရွေးစင် မသန်စွမ်းရေကူးအားကစားသမား ကိုကျော်ထူးသည် လိပ်ပြာကူး မီတာ ၅၀ ပက်လက်ကူး မီတာ ၅၀ ရေကူးပြိုင်ပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကျော်ထူးက “နိုင်ငံတကာပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ဆုတံဆိပ်တွေအနေနဲ့ ရွှေတံဆိပ်ဆုတစ်ခု၊ ငွေတံဆိပ်ဆုနဲ့ ကြေးတံဆိပ်ဆုတွေလည်း ရရှိခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ Joint Training သွားရောက်ခဲ့ဖူးပါတယ်။ အခုတရုတ်နိုင်ငံကို သွားရမှာက ဒုတိယအကြိမ်သွားရမှာဖြစ်လို့ စိတ်လှုပ်ရှားနေပါတယ်” ဟု ဆင်ဟွာသို့ အောက်တိုဘာ ၁၂ ရက်တွင်ပြောသည်။

၎င်းအနေဖြင့် ဆုတံဆိပ်အကောင်းဆုံးရရှိရန် မျှော်လင့်ထားပြီး လေ့ကျင့်မှုများကို နံနက် ၆ နာရီမှ ၁၀ နာရီအထိ၊ ညနေပိုင်းတွင် ညနေ ၄ နာရီ မှ ၆ နာရီ အထိလေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ကိုကျော်ထူးက “ကမ္ဘာ့အားကစားပွဲတော်မှာ အကြီးဆုံးပွဲတွေထဲက တစ်ခုဖြစ်တဲ့ အာရှအားကစားပြိုင်ပွဲမှာ ကိုယ်တိုင် သွားပြိုင်ရမှာဆိုတော့ ပျော်တယ်။ ခံစားချက်တောင် မပြောပြတတ်တော့ဘူး။ တရုတ်နိုင်ငံက အားကစားမှာ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်တဲ့အတွက် ရင်ခုန်မိပါတယ်” ဟု ပြောသည်။
ဟန်ကျိုး အာရှမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမား အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၂ ဦး၊ နည်းပြနှင့် တာဝန်ရှိသူ ၅ ဦး စုစုပေါင်း ၂၁ ဦးသွားရောက်မည်ဖြစ်ကြောင်း သိရသည်။

“ဆုတံဆိပ်ကတော့ ရွှေတံဆိပ်ရနိုင်ဖို့အထိ မျှော်မှန်းထားပါတယ်။ ရလည်းရနိုင်လောက်တဲ့ စံချိန်မှတ်တမ်းတွေ ရှိထားပါတယ်။ ကျွန်တော်တို့ ရွှေတံဆိပ်ဆုရတဲ့အထိ ဒီကစားနည်း ၃ နည်းလုံးကို ပါဝင်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားပါတယ်” ဟု မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးမင်းနိုင်ဦးက ဆင်ဟွာကို အောက်တိုဘာ ၁၀ ရက်တွင်ပြောသည်။
မြန်မာ့လက်ရွေးစင်အဖွဲ့သည် တရုတ်နိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်ရန် အောက်တိုဘာ ၁၆ ရက်တွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ ထွက်ခွါမည်ဖြစ်သည်။

(၄) ကြိမ်မြောက် အာရှမသန်စွမ်း အားကစားပြိုင်ပွဲကို တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့တွင် အောက်တိုဘာ ၂၂ ရက်မှ ၂၈ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ (Xinhua)