Connect with us

Politics

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ နှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ပူးတွဲ သတင်း ထုတ်ပြန်ချက်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အားလက်ခံတွေ့ဆုံစဉ်(ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ နှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ပူးတွဲ သတင်း ထုတ်ပြန်ချက် ကို သြဂုတ် ၂၀ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပြီး ထုတ်ပြန်ချက် အပြည့် အစုံ မှာ အောက်ပါ အတိုင်း ဖြစ်သည်။

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် မစ္စတာ လီခဲ့ချန် ၏ ဖိတ်ကြားချက် အရ ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်မှ ၂၁ ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တရားဝင်ခရီးသွားရောက်ခဲ့ပါသည်။ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖိန် နှင့် တွေ့ဆုံခဲ့ပါသည်။ ထို့ပြင် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် မစ္စတာ လီခဲ့ချန် နှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး တရုတ်အမျိုးသားပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ မစ္စတာကျန်းတယ်ကျန်းနှင့်လည်း တွေ့ဆုံပွဲပြုလုပ်ခဲ့ပါသည်။ နှစ်နိုင်ငံ မှ အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုကို အနာဂတ်ကာလတွင် ဆက်လက်ဖော်ဆောင်ရေးနှင့် မြန်မာ-တရုတ် ဘက်စုံမဟာဗျူဟာ မိတ်ဆွေ ပူးပေါင်းဆက်ဆံရေး တိုးတက်စေရေးတို့အပေါ် အလေးအနက် အမြင်ချင်းဖလှယ်ခဲ့ကြပြီး အရေးပါသော တူညီဆန္ဒများချမှတ်နိုင်ခဲ့ပါသည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန် နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့အစည်းအဝေး ကျင်းပနေစဉ်(ဆင်ဟွာ)

၂။ နှစ်ဖက်လုံးက မြန်မာ-တရုတ် ”ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးနှင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ငြိမ်းချမ်းစွာ အတူယှဉ် တွဲနေထိုင်ရေးမူကြီး(၅)ရပ်ကို အတူတကွဖော် ထုတ်ခဲ့ကြ သည့် နိုင်ငံ များဖြစ်ကြသည့် အားလျော်စွာ အဆိုပါမူကြီးများကို ဆက်လက် ထိန်းသိမ်းကျင့်သုံးရေးနှင့် အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ယုံကြည်မှု၊ တန်းတူညီမျှရေးနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းမှု တို့ကိုအခြေခံ ၍ နှစ်နိုင်ငံဆက်ဆံရေး ရေရှည်တိုးတက်ဖြစ်ပေါ်စေရေး အတွက် အတူတကွ ကြိုးပမ်းသွားကြရန် ဆွေးနွေးခဲ့ကြပါသည်။ နှစ်ဖက်အကြား အိမ်နီးချင်းကောင်း ချစ်ကြည်ရေး မူဝါဒကို ဆက်လက်ကျင့် သုံးသွား မည်ဖြစ်ပြီး နှစ်ဖက်ပြည်သူများ၏ အကျိုးစီးပွားနှင့် နှစ်နိုင်ငံလုံးအတွက် ပိုမိုကောင်းမွန်သော တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးသည့် အကျိုးတူ ပူးပေါင်းဆောင် ရွက်ခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့ကြ ပါသည်။ နှစ်ဖက်အကြား ပြည်သူများ၏ အကျိုးစီးပွားကို အစဉ်ရှေ့တန်းတင်ရေးနှင့် မဟာဗျူဟာ အမြင် နှင့် ရေရှည် အမြင် တို့ဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး ကို တိုးတက်ဖွံ့ဖြိုးမှု အသစ်များ အဆက်မပြတ် ရရှိစေရေး တွန်းအားပေး ဆောင်ရွက် သွားကြရန် အတည်ပြုခဲ့ကြပါသည်။

၃။ နှစ်နိုင်ငံအကြား အစဉ်အလာရှိသော အဆင့်မြင့်ခေါင်းဆောင်များအကြား ရင်းနှီးစွာဆက်ဆံမှုကို ဆက်လက်၍ ထိန်းသိမ်းရန်၊ မဟာဗျူဟာမြောက် ဆက်သွယ်မှုမြှင့်တင်ရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ အတွေ့အကြုံဖလှယ်မှု ပိုမို နက်ရှိုင်း စေရန်တို့ကို သဘောတူခဲ့ကြပါသည်။ နှစ်နိုင်ငံအကြား အဆင့် အသီးသီး တွင် အထူးသဖြင့် နိုင်ငံရေးပါတီများနှင့် ပြည်သူများအကြား ချစ်ကြည် ရင်းနှီးမှု ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်သွားရန် သဘော တူညီခဲ့ ကြပါသည်။
၄။ နှစ်ဖက်နယ်စပ်ဒေသများတွင် တရားဥပဒေစိုးမိုးရေးမြှင့်တင်ရန်၊ ပြည်သူတို့၏ လူမှုဘဝဖူလုံရေးကို အထောက်အကူဖြစ်စေမည့် ကုန်သွယ်မှု၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် အသွင်အမျိုးမျိုးဖြင့် ချစ်ကြည်ရင်းနှီးမှုဖလှယ်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်သွားရန် သဘော တူညီခဲ့ကြသည်။

၅။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာတွင် နီးကပ်သည့်ညှိနှိုင်းမှု တိုးမြှင့်ဆောင်ရွက်သွားရန် နှစ်ဖက်သဘောတူညီခဲ့ကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများရင်ဆိုင်နေရသည့် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေး အန္တရာယ် များနှင့် ကူးစက်ရောဂါများကဲ့သို့သော စိန်ခေါ်မှုများနှင့် ကမ္ဘာလုံး ဆိုင်ရာ အရေးကိစ္စရပ်များကို နှစ်နိုင်ငံအကြား နီးကပ်စွာ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်မှုကို ထိန်းသိမ်းသွား ရန် နှစ်ဖက် သဘောတူညီခဲ့ကြသည်။

၆။ တရုတ်နိုင်ငံ၏ ”ခေတ်သစ် ပိုးလမ်းမကြီး(Belt and Road Initiative)”နှင့် ”ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ (BCIM) စီးပွားရေး စြင်္ကံ” ကနဦးဆောင်ရွက်ချက်များကို မြန်မာနိုင်ငံမှ ကြိုဆိုခဲ့ပါ သည်။ နှစ်နိုင်ငံ အကြား ဖွဲ့စည်းပြီးဖြစ်သော စီးပွားရေးနှင့် ကုန်သွယ်ရေးပူးတွဲကော်မတီ၊ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ နှင့် လျှပ်စစ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီများအပါအဝင် အစိုးရအဖွဲ့အစည်း များ အကြား ပူးပေါင်းဆောင်ရွက်မှု ယန္တရားများကို ကောင်းမွန်စွာ ဆက်လက်အသုံးပြုသွားကြမည်ဖြစ်ပြီး စီးပွားရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ ရေအရင်းအမြစ်၊ လျှပ်စစ်၊ ထုတ်လုပ်မှုနှင့် ဘဏ္ဍာရေး အစရှိသော ကဏ္ဍများတွင်လည်း အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင်ကြ မည်ဖြစ်ပါသည်။

၇။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ပြည်သူများ၏နေထိုင်မှုဘဝမြှင့်တင်ရေးအတွက် အစိုးရ၏ အမြင်နှင့်မူဝါဒများကို ချီးမွမ်းပြီး မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးခိုင်မာစေရန် ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးသဟဇာတဖြစ်မှု မြှင့်တင်ရန် ရည်ရွယ်၍ အမျိုးသားရေးအခြေအနေနှင့် ကိုက်ညီပြီး အားလုံးပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်း အပေါ် လျှောက် လှမ်းရေးနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး တို့ကို ထောက်ခံခဲ့ပါသည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် တက်အားသရွေ့ ဆက်လက် အကူအညီများ ပေးသွားရန်နှင့် မြန်မာပြည်သူများ၏ လူနေမှုအဆင့်အတန်းမြှင့်တင်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို ခိုင်မာသော ဆောင်ရွက်မှုများဖြင့် ပံ့ပိုးကူညီသွားရန် ဆန္ဒရှိသည်။ မြန်မာနိုင်ငံအစိုးရ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုအပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပံ့ပိုးကူညီခြင်း အတွက် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ညီတူညီမျှ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေမည့် အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနိုင်မည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး တို့ကို မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ အစိုးရနှင့်အတူ လက်တွဲဆောင်ရွက် သွားလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထပ်လောင်း အတည်ပြုခဲ့ပြီး ထိုင်ဝမ်၊ တိဘက်နှင့် ရှင်းကျန်းဒေသ အရေးကိစ္စတို့နှင့် ပတ်သက် ၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်အား နားလည်ပြီးထောက်ခံကြောင်း ဖော်ပြခဲ့ ပါသည်။

၈။ မြန်မာ-တရုတ် နယ်စပ်ဒေသများ၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ခိုင်မာစေရန်နှင့် ပူးပေါင်း ဆောင် ရွက်မှု မြှင့်တင်ရန် နှစ်ဖက် သဘော တူညီခဲ့ကြပါ သည်။ မြန်မာနိုင်ငံ၌ နိုင်ငံရေးဆွေးနွေးမှုများမှ တစ်ဆင့် ပြည်တွင်း ငြိမ်းချမ်း ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အကောင်အထည်ဖော်ကြိုး ပမ်းဆောင်ရွက်မှုများကို တရုတ်နိုင်ငံ အနေဖြင့် ထောက်ခံအားပေးခဲ့ ပါသည်။ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တို့အတွက် ကြိုးပမ်းချက်များအပေါ် တက်ကြွ၍အပြုသဘောဆောင်သည့် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုများ အတွက် ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ပါသည်။

၉။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖိန်အား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကပြောကြားခဲ့ရာ တရုတ်နိုင်ငံ သမ္မတက ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ပါသည်။
၁ဝ။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း လှိုက်လှဲ နွေးထွေးစွာကြိုဆိုမှုနှင့် ထူးခြားကောင်းမွန်သော ဧည့်ဝတ်ကျေပွန်မှုများအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် မစ္စတာလီခဲ့ချန်နှင့် အစိုးရအဖွဲ့ တို့ ကို ကျေးဇူး တင်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဝန်ကြီးချုပ် မစ္စတာ လီခဲ့ချန် အား နှစ်ဖက် အဆင်ပြေစေနိုင်သည့် အချိန်ကာလ တွင် မြန်မာနိုင်ငံသို့ မကြာမီ ကာလအတွင်း လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ရာ တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ်က ဖိတ်ကြားချက်အား ကျေးဇူးတင်ရှိကြောင်း ဖော်ပြ ခဲ့ပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.