Africa & Middle East
ဆူဒန်အရှေ့မြောက်ပိုင်းတွင် ရွှေတွင်းပြိုကျမှုကြောင့် လူ ၁၇ဦးသေဆုံး
ဆူဒန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)
ဆူဒန်နိုင်ငံ အရှေ့မြောက်ပိုင်း တွင် ရွှေတွင်းတစ်တွင်း ပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၇ဦးသေဆုံးခဲ့ကြောင်း Sudan Tribune က ဖေဖော်ဝါရီ ၁ရက်တွင် ဖော်ပြခဲ့သည်။
အဆိုပါ မတော်တဆဖြစ်မှုကြောင့် အခြားလူ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိုရွှေတွင်းသည် ဆူဒန်မြို့တော် Khartoum မြို့ အရှေ့မြောက်ပိုင်း ၅၈၀ကီလိုမီတာ ခန့်အကွာ Atbara-Haya လမ်းမပေါ်တွင်တည်ရှိကြောင်း သိရသည်။
အဆိုပါမိုင်းတွင်း သည် ဇန်နဝါရီ ၃၀ရက်တွင် လုံးဝပြိုကျခဲ့ပြီး အတွင်း၌ လူများစွာ ပိတ်မိနေခဲ့ကာ အများစုမှာ Sudan နိုင်ငံ Darfur ဒေသမှဖြစ်ကြောင်း သေဆုံးသူအချို့၏ ဆွေမျိုးများ၏ပြောကြားချက်အရ သိရသည်။
ဆူဒန်နိုင်ငံ သတ္တုတွင်းဝန်ကြီးဋ္ဌာန က သမားရိုးကျမိုင်းတူးလုပ်ငန်းတွင် လုပ်ကိုင်နေသော ဆူဒန်နိုင်ငံသား အလုပ်သမား ၂သန်းကျော်ရှိပြီး နိုင်ငံ၏ ရွှေထုတ်လုပ်မှု ၏ ၈၀ရာခိုင်နှုန်းကိုဖြည့်ဆည်းပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် ဆူဒန်နိုင်ငံသည် ဂါနာနိုင်ငံ နှင့် တောင်အာဖရိကနိုင်ငံပြီးလျှင် အာဖရိက၏ တတိယမြောက် ရွှေထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်သော်လည်း လေ့လာရေးဆန်းစစ်သူများက ၂၀၁၈ခုနှစ်တွင် ရွှေထုတ်လုပ်မှု၏ ထိပ်ဆုံးသို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။
၂၀၁၁ခုနှစ်တွင် တောင်ဆူဒန်ခွဲထွက်သွားပြီးနောက် ဆူဒန်နိုင်ငံသည် ဆုံးရှုံးသွားသော ၎င်း၏ရေနံထုတ်လုပ်မှု သုံးပုံနှစ်ပုံအစား ဝင်ငွေပြန်လည်ဖြည့်တင်းနိုင်ရန် ရွှေထုတ်လုပ်မှု မှ ဝင်ငွေများအပေါ် မှီခိုနေရကြောင်း သိရသည်။ (Xinhua)