Asia
ထိုင်းဘုရင်၏ နန်းသက် ၇၀ ပြည့် မွေးနေ့အား ဂုဏ်ပြုသည့် အနေဖြင့် ဘတ် ၇၀ တန် အသစ် ထုတ်လုပ်

ဘန်ကောက်၊ ဇွန် ၈ ရက် (ဆင်ဟွာ)
The Bank of Thailand သည် ဇွန်လ ၉ ရက်တွင် ထိုင်းနိုင်ငံ ဘုရင် ဘူမိဘောလ် အဒူလ်ယာဒက်၏ နန်းသက် ၇၀ ပြည့်သည့် အထိမ်းအမှတ် အဖြစ် ဘတ် ၇၀ တန် ငွေစက္ကူ အသစ်များကို ထုတ်လုပ်မည် ဖြစ်ကြောင်း အာဏာပိုင်များက ဇွန်လ ၇ ရက်တွင်ပြောကြားခဲ့သည်။
အဆိုပါ ဘတ် ၇၀ တန် ငွေစက္ကူသည် အခြား ငွေစက္ကူများ နှင့် မတူဘဲ ဒေါင်လိုက်ဖြစ်ကာ ငွေစက္ကူ၏ မျက်နှာ နှစ်ဖက်စလုံးတွင် ထိုင်းဘုရင် ဘူမိဘောလ် ၏ ရုပ်ပုံ အပြည့်အစုံ ပါဝင်ကြောင်း သိရသည်။
ငွေစက္ကူ အရွယ်အစားသည် အလျား ၈၉ မီလီမီတာ၊ အနံ ၁၆၃ မီလီမီတာ ရှိကာ ၎င်းတွင် ထူးခြားသည့် အဓိပ္ပါယ်များ ပါဝင်ကြောင်း Bank of Thailand ၏ ငွေစက္ကူ စီမံခန့်ခွဲရေး အုပ်စုမှ လက်ထောက် ကြီးကြပ်ရေးမှူး Woraporn Tangsaghasaksri ကပြောကြား ခဲ့သည်။
အလျား ၈၉ မီလီမီတာမှ နံပါတ် ၈၉ သည် ထိုင်းဘုရင်၏ အသက် ဖြစ်ပြီး အနံ ၁၆၃ မီလီမီတာမှ ဂဏန်းတစ်လုံးစီကို ခွဲပေါင်းပါက (၁+၆+၃) ပေါင်းလဒ် ၉ ရကာ ယင်းဂဏန်းသည် ရာမမင်းဆက် ၉ ဟုသိကြသော ထိုင်းဘုရင်ကို ကိုယ်စား ပြုကြောင်း သိရသည်။
ယင်း ငွေစက္ကူတွင် အလင်းပါသည့် မင်တစ်မျိုးကို အသုံးပြုထားပြီး အလင်းရောင်တွင် ကြည့်ပါက ငွေစက္ကူ၏ တစ်ဖက်တစ်ချက် ရှိ ထိုင်းဘုရင် ရုပ်ပုံ နောက်တွင် ရောင်ခြည်တန်းပုံစံ အနေဖြင့် မြင်ရမည်ဖြစ်ကာ ခရမ်းလွန်ရောင်ခြည် အောက်တွင်ကြည့်ပါက အဝါရောင် အလင်းတန်း အနေဖြင့် တွေ့ရမည် ဖြစ်ကြောင်း သိရသည်။
ထိုင်းဘုရင်သည် ထီးနန်းအား ၁၉၄၆ ခုနှစ် ဇွန်လ ၉ ရက်တွင် လွှဲပြောင်းရယူခဲ့ပြီး ထိုအချိန်၌ ၎င်း၏ အသက် သည် ၁၉ နှစ် သာရှိသေးကြောင်း သိရသည်။ ယခုအခါတွင် ထိုင်းဘုရင် ဘူမိဘောလ်သည် ကမ္ဘာပေါ်တွင် နန်းသက် အရှည်ဆုံး ဘုရင် တစ်ပါး ဖြစ်ကာ အင်္ဂလန်နိုင်ငံ၏ အယ်လီဇဘတ် ၂ ဘုရင်မကြီးထက် နန်းသက် တစ်နှစ် ပိုကြာကြောင်း သိရသည်။
ဘတ် ၇၀ တန် ငွေစက္ကူသစ်အား ဘတ် သန်း ၂၀ ဖိုးအထိ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)