Connect with us

Asia

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒြာမိုဒီ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒြာမိုဒီတို့အား အောက်တိုဘာ ၁၁ ရက်က Mahabalipuram ဘုရားကျောင်းဗိမာန်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ချင်းနိုင်၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒြာမိုဒီနှင့် အောက်တိုဘာ ၁၁ရက်က အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

သမ္မတရှီ Mahabalipuram ဘုရားကျောင်းဗိမာန်သို့ သွားရောက်ရာလမ်းတစ်လျှောက်တွင် သမ္မတရှီ၏ ဓာတ်ပုံများကို တွေ့ရရုံသာမက လမ်းဘေးနှစ်ဖက်တွင်လည်း ပြည်သူအများ၊ လူငယ်ကျောင်းသားလေး များက တရုတ်-အိန္ဒိယနှစ်နိုင်ငံအလံများကို ဝှေ့ယမ်း၍ကြိုဆိုခဲ့ကြသလို တိုင်းရင်းသားဝတ်စုံများ ဝတ်ဆင် ထားကြသော လူငယ်လူရွယ်များကလည်း အိုးစည်ဗုံမောင်းတီးကာ သီဆိုကပြကြိုဆိုခဲ့ကြကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီကလည်း Mahabalipuram အဝင်မုခ်ဦးတွင် သမ္မတရှီအား နွေးထွေးစွာနှုတ်ခွန်းဆက်ကြိုဆိုခဲ့သည်။  သမ္မတရှီက ပြီးခဲ့သောနှစ်တွင် ဝန်ကြီးချုပ်မိုဒီနှင့် တရုတ်နိုင်ငံ ဝူဟန့်မြို့တွင်တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေးကဏ္ဍသစ်ကို ဦးဆောင်ဖွင့်လှစ်နိုင်ခဲ့ကြောင်း ၊ ယခုအခါတွင် ဝန်ကြီးချုပ်၏ဖိတ်ကြားချက်  အိန္ဒိယနိုင်ငံတောင်ဘက်စွန်း မဒရပ်(Tamil Nadu)ပြည်နယ်သို့ လာရောက်ရာ အထူးပင်ဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒြာမိုဒီတို့အား အောက်တိုဘာ ၁၁ ရက်က Mahabalipuram ဘုရားကျောင်းဗိမာန်တွင် တွေ့ရစဉ်(ဆင်ဟွာ) 

Mahabalipura ရှေးဟောင်းဘုရားကျောင်းဗိမာန်ကို ဘီစီ ၇ ရာစုမှ ၈ ရာစုနှစ်အတွင်း တည်ဆောက်ခဲ့ ခြင်းဖြစ်ရာ Arjuna’s Penance, Panch Rathas, Shore Temple စသည်တို့ ပါဝင်ကြောင်း သိရသည်။  ဝန်ကြီးချုပ်မိုဒီနှင့်အတူ သမ္မတရှီသည် ဘုရားကျောင်းဗိမာန်ဝန်းတွင်  လေ့လာကြည့်ရှုရင်း  ရင်းနှီးစွာ ဆွေးနွေးဖလှယ်ခဲ့ကြသည်။

သမ္မတရှီက  မဒရပ်ပြည်နယ်နှင့် တရုတ်နိုင်ငံ၏ဆက်ဆံရေးသမိုင်းသည် ရှေးပဝေသဏီကတည်းက တည်ရှိရာ ပင်လယ်ရေကြောင်းကုန်သွယ်မှုနှင့်ပို၍ရင်းနှီးစွာတည်ရှိခဲ့ကြောင်း၊ ၎င်းမှာ ရှေးဟောင်းပိုးလမ်းမ၏ ပင်လယ်ရေကြောင်း ကုန်စည်ကူးပြောင်းရေးအချက်အခြာနေရာတစ်ခု ဖြစ်ကြောင်း ၊ တရုတ်-အိန္ဒိယနှစ်နိုင်ငံသည် နှစ်ထောင်ပေါင်းများ ယဉ်ကျေးမှုသမိုင်းရှိသောနိုင်ငံကြီးများဖြစ်ရာ အပြန်အလှန်လေ့လာဖလှယ်ခြင်းသည် ယနေ့ထိတိုင်ပင်ဖြစ်ကြောင်း ၊ လူမှုဖလှယ်ရေးကဏ္ဍတွင်  ဆောင်ရွက်စရာအလားအလာများစွာရှိကြောင်းပြောကြားခဲ့သည်။ လာမည့်နှစ် တရုတ်-အိန္ဒိယ  နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတည်ထောင်သည့် နှစ် ၇၀ ပြည့်အခါသမယတွင် လူမှုဖလှယ်ရေးကဏ္ဍများကို ပိုမိုကျယ်ပြန့်နက်နဲ့စွာ ဆောင်ရွက်ကာ မတူညီသောယဉ်ကျေးမှု အတူဆွေးနွေးလေ့လာဖလှယ်ခြင်းများ ကို လက်တွဲမြှင့်တင်ဆောင်ရွက်သွားကာ နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးစေရေးကို တွန်းအားသစ်လောင်း ပေးရင်း အာရှယဉ်ကျေးမှု ထွန်းလင်းတောက်ပြောင်စေရန် အတူရေးဆွဲသွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီကလည်း မိမိတို့လက်ရှိရောက်ရှိလေ့လာနေသည့် ရှေးဟောင်း ဘုရားကျောင်း ဗိမာန်ကြီးသည် အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ပြီး အဆောက်အဦများမှာ အနုပညာလက်ရာတို့၏ထူးချွန်ပြောင်မြောက်မှုပုံရိပ်ဖြစ်ရာ အိန္ဒိယ-တရုတ် နှစ်နိုင်ငံ၏ ရာစုနှစ်ပေါင်း များစွာသော အချိန်ကာလများ၏ ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် သမိုင်း၏ဆက်စပ်မှု သက်သေဖြစ်ကြောင်း ၊ သမိုင်းနှစ်ပေါင်းထောင်ချီကာလကို ဖြတ်သန်းခဲ့ရာ အိန္ဒိယ-တရုတ်နှစ်နိုင်ငံသည် ယခုဆိုလျှင် အရေးပါသည့် ထွန်းသစ်စ စီးပွားရေးနိုင်ငံများအဖြစ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း နှစ်နိုင်ငံနှစ်ဖက် ပူးပေါင်းဖလှယ်မှုများကို မြှင့်တင်ဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေးနက်သည့် အဓိပ္ပါယ်ကို ဖော်ဆောင်သလို ကမ္ဘာ့စည်ပင်ဖွံ့ဖြိုးတိုးတက်ရေးကို တိုးမြှင့်ပေးရာလည်းရောက်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ထို့နောက် သမ္မတရှီသည် ဝန်ကြီးချုပ်မိုဒီနှင့်အတူ Bharatanatyam အက စသည့် အိန္ဒိယရှေးဟောင်း ဂန္တဝင်အကပဒေသာများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.