Connect with us

Asia

ဖိလစ်ပိုင်အစိုးရ စစ်ဆင်ရေးအတွင်း အဘူဆေးယက်ဖ်သူပုန် ၁ဝ ဦးသေ၊ ၆ ဦးဒဏ်ရာရ

အဘူဆေးယက်ဖ်သူပုန်များအား ထိုးစစ်ဆင်ရန် ရှေ့တန်း စစ်မြေပြင်ရောက်ရှိလာသော ဖိလစ်ပိုင်စစ်ကားများအားတွေ့ ရစဉ်( ဓာတ်ပုံ-အင်တာနက်)

မနီလာ ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ ဒီဇင်ဘာလ ၁၁ ရက်တွင် အစိုးရတပ်ဖွဲ့နှင့် အဘူဆေးယက်ဖက်သူပုန်တပ်ဖွဲ့တို့အကြား ၂ နာရီကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ သူပုန်တပ်ဖွဲ့ဝင် ၁ဝ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရသွားကြောင်း ဒေသဆိုင်ရာစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က ဒီဇင်ဘာလ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

Sulu ပြည်နယ် Patikul ကျေးရွာ၌ ဒေသစံတော်ချိန် နံနက် ၁ဝ ခန့်တွင် အဘူဆေးယက်ဖ်သူပုန် ၁၅ဝ ကျော် နှင့် ဖိလစ်ပိုင်စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်အနောက်ပိုင်းတိုင်း Mindanao စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး Filemon Tan က ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း အစိုးရစစ်တပ်မှ စစ်သား ၃ ဦးကျဆုံးပြီး ၂၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ရှေ့တန်းစစ်မြေပြင်ရောက်ရဲဘော်များအတွက် လက်နက်ကြီးပစ်ကူမှု နှင့် လေကြောင်း အနီးကပ် ပစ်ကူမှုများ ထောက်ပံ့ကူညီပေးခဲ့သည်။ ထို့ပြင် ဒဏ်ရာရသူများအား တိုက်ပွဲဖြစ်ပွားရာ အနီးအနားရှိ ဆေးရုံသို့ချက်ချင်းပို့ဆောင်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း Tan က ဖြည့်စွက်ပြောကြားခဲ့သည်။

အဘူဆေးယက်ဖ်သူပုန်များသည် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း နှင့် Sulu ပင်လယ်ပြင်ထဲတွင် လုယက်တိုက်ခိုက်ခြင်းများ ပြုလုပ်နေခဲ့သလို Sulu နှင့် Basilan ပြည်နယ်များရှိ ကျေးရွာများတွင် ပြန်ပေးဆွဲငွေညှစ်ခြင်း ၊ ဗုံးခွဲခြင်း ၊ ခြိမ်းခြောက်ငွေညှစ်ခြင်းများကို ၁၉၉ဝ ပြည့်လွန်အစောပိုင်းနှစ်များ ကတည်းက ပြုလုပ်လာခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးက စစ်သွေးကြွများကို အမြစ်ပြတ်ချေမှုန်းရန် အမိန့်ပေးထားပြီး ၊ လက်နက်ကိုင်အုပ်စုများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည်မဟုတ်ကြောင်း ပြောကြားထားသည်။ ယခုအခါ အဘူဆေးယက်ဖ်သူပုန်အဖွဲ့တွင် တပ်ဖွဲ့ဝင် ဦးရေ ၃၅ဝ ခန့်ရှိနိုင်ကြောင်း ယုံကြည်ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.