Asia
CPEC အကြီးဆုံး စူပါအဝေးပြေးလမ်းမကြီး ပထမလမ်းပိုင်း ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် ဖွင့်လှစ်

မူလ်တန်၊ ပါကစ္စတန်၊ မေ ၂၇ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် မူလ်တန်မြို့တွင် တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္ကံ (CPEC) အကြီးဆုံး သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံစီမံကိန်းအောက်မှ အရှည် ၃၉၂ ကီလိုမီတာရှိသော Multan-Sukkur အမြန်လမ်းမကြီး၏ ပထမလမ်းပိုင်းအား ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shahid Khaqan Abbasi က မေလ ၂၆ ရက်တွင် ဖွင့်လှစ်ပေးခဲ့သည်။
Multan မှ Shujaabad မြို့အထိ လမ်းပိုင်းအရှည် ၃၃ ကီလိုမီတာကို အများပြည်သူအတွက် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး သဘောတူညီထားသည့် အချိန်မတိုင်မီ ပြီးစီနိုင်ခဲ့ကြောင်း သိရသည်။
ခြောက်လမ်းသွား စူပါအဝေးပြေးလမ်းမကြီးသည် ပန်ဂျပ်ပြည်နယ်နှင့် Sindh ပြည်နယ်များအား ဖြတ်သန်းကာ ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိ ဆိပ်ကမ်းမြို့နှင့် အနောက်မြောက်ပိုင်း ပတ်ရှ်ဝါအထိ ချိတ်ဆက်ထားမည် ဖြစ်သည်။
Multan-Sukkur အမြန်လမ်း၏ Multan-Shujaabad လမ်းပိုင်းအား မေလ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
Multan-Sukkur အမြန်လမ်း၏ Multan-Shujaabad လမ်းပိုင်းအား မေလ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
M-5 ဟုခေါ်သော အမြန်လမ်းမကြီးသည် Multan မြို့နှင့် Sukkur မြို့အကြား သွားရောက်ရန်အကွာအဝေးကို ၄၆၃ ကီလိုမီတာမှ ၃၉၂ ကီလိုမီတာသို့ ခရီးကျုံ့ပေးမည်ဖြစ်ပြီး ကားဖြင့်ဆိုပါက အများဆုံး တစ်နာရီလျှင် ၁၂၀ ကီလိုမီတာ မြန်နှုန်းဖြင့် အမြန်ဆုံးမောင်းနှင်ပါက လေးနာရီခန့်သာ မောင်းနှင်ရမည်ဖြစ်သည်။ အဆိုပါ စီမံကိန်းတစ်ခုလုံးကို ၂၀၁၉ ခုနှစ် သြဂုတ်လတွင် ပြီးစီးရန်လျာထားကြောင်း သိရသည်။
ခေတ်မီနည်းပညာ အသုံးပြုကာဖောက်လုပ်ထားသော အဆိုပါ အမြန်လမ်းမကြီးတွင် လမ်းပြောင်းလမ်းလွဲစနစ် ၁၁ နေရာ၊ နောက်ဆုံးပေါ် ဉာဏ်ရည်မြင့်နည်းပညာ တပ်ဆင်ထားသော လမ်းအသုံးပြုခကောက်ခံသည့်နေရာ ၂၂ ခု၊ ပြည်သူ့ဝန်ဆောင်မှုနေရာ ၆ ခု၊ အနားယူရန်နေရာ ၅ ခု၊ မြေအောက်လမ်းကူး ၁၀၇ ခု၊ မြေအောက်ရထားလမ်း ၁၈၈ လိုင်း၊ တံတား ၁၀၀ စင်းနှင့် အခြားအဆောက်အအုံများ ပါရှိမည် ဖြစ်သည်။
CPEC သည် တရုတ်နိုင်ငံ ကွန်ရက်ချိတ်ဆက်ခြင်း မျှော်မှန်းချက်ကို အကောင်အထည်ဖော်ခြင်းနှင့် ဒေသတွင်း စီးပွားရေး အခွင့်အလမ်းကြီးများ ဆောင်ကြဉ်းပေးမည့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုအောက်တွင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Abbasi က ပြောကြားခဲ့သည်။ (Xinhua)