Asia
ကမ္ဘောဒီးယားနိုင်ငံ၌ မေလအတွင်း အာဆီယံ ဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် ကျင်းပမည်ဟု ဝန်ကြီးချုပ် ပြောကြား
ဖနွမ်းပင်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန် က ဖနွမ်းပင်မြို့တွင် ၂၀၁၇ခုနှစ် မေလ ၁၀ရက် မှ ၁၂ ရက်အထိ အာဆီယံဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် ကျင်းပသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၁ ရက်က ပြောကြားခဲ့သည်။
ဟွန်ဆန် က ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ယင်းကဲ့သို့ အရေးကြီးသော ပွဲမျိုးအား ကျင်းပခွင့်ရသည့်အတွက် ဂုဏ်ယူမိပါကြောင်း ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာ၌ရေးသားခဲ့သည်။
ဝန်ကြီးချုပ်က ဖိုရမ်သို့ လာရောက်မည့် ပြည်ပမှ ဧည့်သည်များ နှင့် စီးပွားရေးပညာရှင်များအတွက် ပြည်ဝင်ခွင့် ဗီဇာ ကင်းလွတ်ခွင့် အပါအဝင် ဖနွမ်းပင်မြို့မှ နိုင်ငံ၏အနောက်မြောက်ပိုင်းရှိ Siem Reap ပြည်နယ်သို့ သွားရောက်သည့် လေယာဉ်လက်မှတ်အား အခမဲ့ စီစဉ်ပေးခြင်း နှင့် Siem Reap ပြည်နယ် ရှိ နာမည်ကျော် အန်းကော ရှေးဟောင်းအမွေအနှစ်ပန်းခြံ သို့ ဝင်ခွင့်လက်မှတ်များ အခမဲ့စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်း က ဖိုရမ်တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တည်ထောင်ခြင်း နှစ် ၅၀ပြည့် အထိမ်းအမှတ်ပွဲကျင်းပရန် နှင့် အာဆီယံ ၏အနာဂါတ်ရေးရာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်ကြောင်း သိရသည်။ (Xinhua)