Europe
တူရကီတွင် နိုင်ငံတော် အရေးပေါ်အခြေအနေကာလအား ၃လ ထပ်မံတိုးမြှင့်

အန်ကာရာ၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)
တူရကီနိုင်ငံ လွှတ်တော် က လက်ရှိ နိုင်ငံတော်အရေးပေါ်အခြေအနေကာလအား ၃လထပ်မံတိုးမြှင့်ရန် ဧပြီ ၁၈ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ၇ကြိမ်မြောက်တိုးမြှင့်မှု ကြောင့် တူရကီနိုင်ငံအတွင်း နိုင်ငံတော်အရေးပေါ်အခြေအနေကာလ သည် ၂နှစ်သို့ ရောက်ရှိလာမည်ဖြစ်ပြီး လွှတ်တော် နှင့် သမ္မတ ရွေးကောက်ပွဲအား နိုင်ငံတော်အရေးပေါ်အခြေအနေ အောက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တူရကီတွင် လူ ၂၅၀ဦးသေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သော စစ်တပ်အာဏာသိမ်းမှု ကျရှုံးသွားပြီးနောက် နိုင်ငံတော်အရေးပေါ်အခြေအနေ အား ၂၀၁၆ခုနှစ် ဇူလိုင် ၂၀ ရက်တွင် စတင်ကြေညာခဲ့ခြင်းဖြစ်သည်။
တူရကီအစိုးရသည် စစ်တပ်အာဏာသိမ်းမှု၏နောက်ကွယ်မှ ဦးဆောင်သူအဖြစ် အမေရိကန်နိုင်ငံ အခြေစိုက် မူဆလင်တရားဟောဆရာ ဖာသူလ်လာ ဂူလန် (Fethullah Gulen) အား စွပ်စွဲပြစ်တင်ခဲ့သည်။
ဧပြီ ၁၇ ရက်တွင်ပြုလုပ်သော ဝန်ကြီးများအစည်းအဝေးပြီးနောက် ဒုတိယဝန်ကြီးချုပ် Bekir Bozdag က နိုင်ငံတော်အရေးပေါ်အခြေအနေ သည် ငြိမ်းချမ်းစွာနေထိုင်သော နိုင်ငံသားများ ထက် အကြမ်းဖက်သမားများ နှင့်အကြမ်းဖက်အဖွဲ့အစည်းများကို ပစ်မှတ်ထားချမှတ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဓိက အတိုက်အခံပါတီဖြစ်သော ရီပတ်ဘလစ်ကန်ပြည်သူ့ပါတီ (CHP) က နိုင်ငံတော်အရေးပေါ်အခြေအနေ သည် လာမည့် ရွေးကောက်ပွဲအပေါ် အကျိုးသက်ရောက်မှုရှိနိုင်၍ ယင်းအား မကြာခင်ပယ်ဖျက်ရန် အစိုးရအား တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)