Connect with us

Europe

အမေရိကန်၏ဗိုလ်ကျမှုက အိပ်မောကျနေသည့် ဥရောပကို နိုးထအောင် နှိုးဆွပေးလိုက်သလို

G7 အဖွဲ့ဝင် ခေါင်းဆောင်များ စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ )

ဘရပ်ဆဲလ် ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

အမေရိကန်က ယခုလဆန်းပိုင်းတွင် ဥရောပသမဂ္ဂ(အီးယူ)မှတင်သွင်းသော သံမဏိအလူမီနီယံ ကုန်ပစ္စည်းများ အခွန်တိုးမြှင့်ကောက်ခံခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် အီးယူက ဇွန် ၂၂ ရက်မှ စ၍ အမေရိကန်မှတင်သွင်းသော တန်ဖိုးငွေယူရို ၂.၈ဘီလီယံရှိသည့်ကုန်ပစ္စည်းများကို အခွန်တိုးမြှင့် ကောက်ခံလိုက်သည်။ ယင်းနေ့တွင်ပင် အမေရိကန်သမ္မတ ထရန့်က အီးယူသည်ကုန်သွယ်ရေးတွင် အလျှော့ပေးနောက်ဆုတ်မှုများအလျင်အမြန်မပြုလုပ်ပါက အီယူးမှတင်သွင်းသော မော်တော်ကားများ ကို အခွန် ၂၀ ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း ၎င်း၏တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့ သည်။ ထိုကိစ္စနှင့်စပ်လျဉ်း၍ ဥရောပတွင် ဝေဖန်တုံ့ပြန်မှုများရှိခဲ့ပြီး အမေရိကန်က အီးယူကို ထိုးနှက် လိုက်သည့်ဤလုပ်ရပ်သည် ဥရောပသမဂ္ဂ(အီးယူ)ကို လက်မခံနိုင်အောင် ဖြစ်စေသည်ဟု ပြောဆိုမှု များ ရှိနေကြသည်။

ထရန့်အစိုးရ၏ကိုယ့်လူကိုယ်တည့်တည့်ချိန်ထားသည့် ဤသေနတ်ပြောင်းက ဥရောပမဟာမိတ်များ ကို စိတ်နာစိတ်ပျက်ဖြစ်စေခဲ့သည်ဟု ဆိုသည်။ စိတ်နာစရာက ထရန့်အစိုးရသည် အမေရိကန် ဦးစားပေးလုပ်ဆောင်များ ကို မဟာမိတ်မျက်နှာအား မထောက် လုပ်ဆောင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ စိတ်ပျက်စရာကမူ အမေရိကန်စီးပွားရေးသည် လက်ရှိ ၁၀ နှစ်ကာလတွင် အင်အားတောင့်တင်း နေချိန်ဖြစ်ပြီး ဥရောပကမူ စီးပွားရေးကျဆင်းမှုများဆက်တိုက်ကြုံနေရသလို ရွှေ့ပြောင်းနေထိုင်သူများ ၏ပြဿနာ ၊ ဗြိတိန် အီးယူမှခွဲထွက်သည့်ပြဿနာစသည့် ပြဿနာပေါင်းစုံက ဥရောပ၏ နိုင်ငံရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးကို ဂယက်ရိုက်ခတ်လျက်ရှိရာ အမေရိကန်၏တစ်ဖက်သတ် ကိုယ်ကျိုးစီးပွား ကာကွယ်မှု လုပ်ရပ်များက အီးယူ၏စီးပွားရေးအခြေအနေကို ဆိုးသထက်ပိုဆိုးသွားစေခြင်းကြောင့် ဖြစ်သည်။

ထရန့်အစိုးရ အာဏာမရယူမီ အတ္တလန္တိတ်ဖြတ်ကျော်ဆက်ဆံရေး (Transatlantic relations) ကျဆင်းနိုင်ဖွယ်ရှိကြောင်း ဥရောပက ကြိုတင် ခန့်မှန်းထားသော်လည်း ယခုလို ဆိုးဝါးလိမ့်မည်ဟု ထင်မှတ်မထားချေ။ ထရန့်လက်ထက် ရက်ပေါင်း ငါးရာကျော်အတွင်း အမေရိကန်နှင့်ဥရောပတို့ အကြား ကုန်သွယ်ရေး၊ ပတ်ဝန်းကျင်၊ လုံခြုံရေးနှင့် နိုင်ငံရေးတွင် မုန်တိုင်းတိုက်ခိုက်မှုမပြတ်ဟု ဆိုရ ပေမည်။ အတ္တလန္တိတ်ဝန်းကျင်နိုင်ငံများ ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှု မိတ်ဖက် သဘောတူညီမှု (TTIP) ဆွေးနွေးခြင်းများ အသံမကြားတိတ်ဆိတ်သွားရာမှစပြီး အမေရိကန်က ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး ပဲရစ်သဘောတူညီချက်မှ နုတ်ထွက်သွားခြင်း၊ အမေရိကန်သည် ဥရောပ မဟာမိတ် များ၏ အကြိမ်ကြိမ်ဖျောင်းဖျပြောဆိုမှုနှင့် အပြင်းအထန်ကန့်ကွက်မှုများကို အမှုမထားဘဲ အီရန် နျူကလီးယားသဘောတူညီချက်မှ နှုတ်ထွက်ကာ အီရန်အပေါ်အရေးယူပိတ်ဆို့မှုများ ပြန်လည် ဆောင်ရွက်သည်အထိဖြစ်ပွားလာရာ မုန်တိုင်းလှိုင်းဂယက်များစွာ ရိုက်ခတ်မှုကြောင့် အမေရိကန်၊ ဥရောပ ချစ်ကြည်ရေးလှေလေးသည်လည်း လူးကာလိမ့်ကာဖြစ်နေရသည်။

ဒုတိယကမ္ဘာစစ်တွင် တည်ဆောက်ထားသည့် အတ္တလန္တိတ်ဖြတ်ကျော်ဆက်ဆံရေး (Transatlantic relations)သည် အမေရိကန်နှင့်ဥရောပတို့အကြား ဆက်နွယ်မှုကို ပိုမိုနီးကပ်လာစေပြီး ပြည်ပ ဆက်ဆံရေးတွင် အပြန်အလှန်အဓိကအားထားရသည့် အင်အားဖြစ်လာသည်။ ယခင်က ပဋိပက္ခ ရှိသော်ငြားလည်း ကိစ္စတစ်ရပ်ပြဿနာတစ်ခုတည်းကိုသာ ဦးတည် ဖြစ်ပွားနေခြင်းဖြစ်သည်။ သို့သော် ယခုတစ်နှစ်ကျော်ကာလအတွင်း ထရန့်အစိုးရက အီးယူမဟာမိတ်၏အကျိုးမြတ်ကို အလေးမထား ၊ ရန်သူသဖွယ် တင်းမာသည့်သဘောထားနည်းလမ်းများနှင့်ဖိအားပေး ကိုင်တွယ် ဆောင်ရွက်နေခြင်း သည် အမေရိကန်-ဥရောပဆက်ဆံရေး၏ ကွဲလွဲမှု၊အငြင်းပွားမှုများကို ပိုမို ပေါ်လွင်လာစေပြီး နှစ်ဖက်ဆက်ဆံရေးအား ပြင်းထန်သည့်ထိုးနက်မှုတွေဖြစ်ပေါ်လာသည်။ Le Figaro ပြင်သစ် သတင်းစာက ထရန့်အစိုးရက မဟာမိတ်များအား လုံးဝဘေးကပ်ချောင်ထိုးထားလိုက်ပြီဟု ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

ထရန့်အစိုးရ၏ဗိုလ်ကျမှုများက အိပ်မောကျနေသည့်ဥရောပသားတွေကို အိမ်မက်လှလှက နိုးထလာ အောင် နှိုးဆွပေးလိုက်ခြင်းဖြစ်သည်ဟု အချို့က ဆိုသည်။ ထိုအပြောမှာ အမှန်တော့ မမှားပေ။ မကြာ သေးမီက ကနေဒါတွင် ကျင်းပသည့် G7 ထိပ်သီးအစည်းအဝေးတွင် ထရန့်က ထိပ်သီးဆွေးနွေးပွဲ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးရန် ငြင်းဆိုခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ “ယခု G7 က G6+ 1 ဖြစ်သွားပြီ” ၊ “အမေရိကန် ဥရောပ ဆက်ဆံရေးက ၁၉၄၀ပြည့်လွန်နှစ်များအတွင်း ကြုံတွေ့ ရတာ တွေထက်စာလျှင် ယခုက ဆက်ဆံရေးပြိုကွဲနိုင်သည့် အနေအထားရှိနေပြီ” ၊ “အရင်လို ပြန် မဖြစ်နိုင် တော့ဘူး”ဆိုပြီး အနောက်နိုင်ငံများက စိတ်ပျက်စဖွယ်ပြောဆိုမှုများရှိလာကြသည်။ DIE WELTဂျာမဏီ သတင်းစာက “ယနေ့အချိန်ကစပြီး အမေရိကန်သည် အနောက်နိုင်ငံတွေ၏ ဦးဆောင် သည့်နိုင်ငံမဟုတ်တော့ဘူး”ဟု ရေးထားခဲ့သည်။ ဂျာမဏီဝန်ကြီးချုပ်အန်ဂျလာမာကဲ (Angela Merkel) က “ဥရောပဟာ အမေရိကန်ကို ထပ်ပြီးအားထားလို့မရတော့ဘူး၊ ကိုယ့်ကံကြမ္မာ ကို ကိုယ့် လက်ထဲမှာ ထားသင့်ပြီ” ဆိုပါသည်။ အမေရိကန်-ဥရောပဆက်ဆံရေး ကွဲလွဲမှုပိုများလာခြင်းက ကမ္ဘာ့ အခင်းအကျင်းကို သက်ရောက်မှုရှိစေနိုင်သည့်အပြင် ဥရောပ၏ အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေး (Transatlantic relations) အနာဂတ်နှင့် ပြည်ပဆက်ဆံရေး မူဝါဒ၏ အလေးထားမှု ဦးတည်ချက် များအား ပြန်လည် သုံးသပ်ရအောင် တွန်းအားပေးသလို ဖြစ်စေသည်။

အမှန်တိုင်းဆိုရသော် သမိုင်းယဉ်ကျေးမှုအဆက်အနွယ်၊ တူညီသောအမြင်သဘောထား၊ ရေရှည် တည်ဆောက်လာသည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးအပြန်အလှန်အားထားမှုများရှိခြင်းကြောင့် အမေရိကန်-ဥရောပ ဆက်ဆံရေးသည် လုံးဝပျက်စီးသွားခြင်း၊ အဆုံးသတ်သွားခြင်းမျိုးကား မဖြစ်နိုင် ပေ။ လက်ရှိအနေအထား အရကြည့်မည်ဆိုလျှင် ဥရောပနိုင်ငံ ခေါင်းဆောင်များ၏ ပြောဆိုချက်များ ၊ ဥရောပသားများ၏ ဝေဖန်ချက်များသည် အမေရိကန်အပေါ် မကျေနပ်မှုများကို ထုတ်ဖော်ပြောကြား ခြင်းသာဖြစ်ပါသည်။ သို့သော်လည်း ရေရှည်အနေဖြင့်ကြည့်လျှင် အန္တရာယ်အထပ်ထပ်ရှိနေသည့် အမေရိကန်-ဥရောပ ဆက်ဆံရေးက အီးယူကို ပိုမိုလွတ်လပ်စွာရပ်တည်နိုင်သည့်လမ်းကြောင်းသို့ မဖြစ်မနေလျှောက်လှမ်း ဖို့ တွန်းပို့ခြင်း ဖြစ်သည်။

“ခေတ်အခါက ကျွန်တော်တို့ကို ပြတ်သားဖို့တွန်းအားပေးနေတယ်၊ အိပ်ပျော်နေတဲ့ ဥရောပကို လှုပ်နှိုးရမယ်” ဟု ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron)က လွန်ခဲ့သောနှစ် စက်တင်ဘာလတွင် ကျင်းပသည့် ၎င်း၏ ဟောပြောပွဲတစ်ခုမှာ ပြောကြားခဲ့ပါသည်။ အမေရိကန် ဥရောပဆက်ဆံရေးသည် အခက်အခဲအချိုးအကွေ့အများကြီး ဖြတ်သန်းပြီးနောက် ဥရောပသည် အိပ်မောကျရာမှ အမှန်တကယ်နိုးထလာနိုင်သည်ဆိုလျှင် ကောင်းသည့်ကိစ္စတစ်ခု ဖြစ်ကောင်းဖြစ်ပါ လိမ့်မည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.