Connect with us

Europe

S-400 ဝယ်ယူမှု နှင့် ကာ့ဒ်လူမျိုးစုအရေးသည် တူရကီ-အမေရိကန် ဆက်ဆံရေးကို မုန်တိုင်းနေ့ရက်များဆီသို့ဦးတည်နေ

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် နှင့် တူရကီနိုင်ငံသမ္မတအာဒိုဂန် တို့ လက်ဆွဲနှုတ်ဆက်နေစဉ်(ဆင်ဟွာ)

အစ္စတန်ဘူလ် ၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် တူရကီအစိုးရ၏ ဆန့်ကျင်ဘက်အဖွဲ့အစည်းဖြစ်သော ဆီးရီးယားကာ့ဒ်စစ်သွေးကြွများအပေါ် ထောက်ခံမှုပြုလုပ်နေလင့်ကစား တူရကီအစိုးရအား ရုရှားနိုင်ငံထံမှ S-400 လေကြောင်းရန်ကာကွယ်ရေး စနစ်ဝယ်ယူရေး အစီအစဉ်ကို စွန့်လွှတ်ရန် နှင့် အီရန်အပေါ် ပိတ်ဆို့မှုများပြုလုပ်ရေး လေ့လာမှုများပြုလုပ်သွားရန် ဖိအားပေးနေခြင်းမှာ တူရကီ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအတွက် အငြင်းပွားမှုများဖြင့် ပြည့်နှက်နေသည့် မုန်တိုင်းထန်သောနေ့ရက်များဆီသို့ဦးတည်နေစေကြောင်း ကျွမ်းကျင်သူများက ဆင်ဟွာသို့ပြောကြားခဲ့သည်။

တူရကီနိုင်ငံတွင် မတ်၃၁ ရက်က ပြည်တွင်းရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက် နေတိုးမဟာမိတ် အဖွဲ့ဝင် နှစ်နိုင်ငံဖြစ်သည့် တူရကီ နှင့် အမေရိကန်အကြား တွေးတောဆင်ခြင်စရာ ကိစ္စရပ်များစွာ ထွက်ပေါ်လာခဲ့သည်ဟု လုံခြုံရေး နှင့် နိုင်ငံခြားရေးမူဝါဒ လေ့လာသုံးသပ်သူ Haldun Solmazturk က ဆိုသည်။

“ နယ်ပယ်များစွာမှာ ကိုယ်ကျိုးစီးပွားဆိုင်ရာ ပဋိပက္ခများစွာရှိနေတယ်။ အဲဒါကို ထိန်းသိမ်းဖို့ဆိုတာ ဖြစ်နိုင်ခြေမရှိပါဘူး” ဟု ၎င်းက ဆိုသည်။

တူရကီက ရုရှားထံမှ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ဝယ်ယူရေး ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်အပြီး နှင့် အမေရိကန်၏ တူရကီသို့ပက်ထရီးယော့ဒ်ဒုံးကျည်များ ရောင်းချပေးရေး နောက်ဆုံးအဆိုပြုချက်တို့အပြီး တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu သည် ယခုရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံသို့သွားရောက်ရန်ရှိကြောင်း ပြည်တွင်းမီဒီယာက ဆိုသည်။

တစ်ချိန်တည်းမှာပင် တူရကီနိုင်ငံသမ္မတအာဒိုဂန်က ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်နှင့် ဧပြီ ၈ ရက်တွင် တွေ့ဆုံဆွေးနွေးသွားရန် စီစဉ်ထားသည်။

“ သိပ်မကြာတဲ့အနာဂတ်မှာ တူရကီ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးဟာ အဆင်ပြေ ချောမွတ်လာဖို့ ဖြစ်နိုင်ခြေအများကြီး မမြင်ပါဘူး” ဟု တူရကီနိုင်ငံခြားရေးဝန်ကြီးဟောင်း Yasar Yakis ကဆိုသည်။

“ အချို့သောပြဿနာတွေကြောင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ဖို့ တွေးတောဆင်ခြင်သင့်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

တူရကီ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးသည် ကာလရှည်ကြာကပင် အပြောင်းအလဲများစွာ ရှိခဲ့စဉ်အတွင်းမှာပင် မကြာမီက တူရကီက ရုရှားထံမှ S-400 ဝယ်ယူရေး အတွက် စီစဉ်လာပြီး နောက်တွင် အမေရိကန်၏ ဖိအားပေးခြင်းကို ရုတ်တရက်ခံခဲ့ရသည်။

ပြီးခဲ့သောနှစ် နိုဝင်ဘာလက အီရန်နိုင်ငံအပေါ် အမေရိကန်က စီးပွားရေးပိတ်ဆို့မှုများ ပြန်လည် ပြုလုပ်ခဲ့ခြင်းမှာလည်း တူရကီနိုင်ငံနှင့် အမေရိကန်အကြား သဘောထားကွဲမှုတစ်ရပ် ထပ်မံဖြစ်ပေါ်ခဲ့ရသည်။

အမေရိကန်က တူရကီအား အီရန်နိုင်ငံထံမှ ရေနံတင်သွင်းခွင့်ကို ၆ လ ခွင့်ပြုပေးခဲ့သည်။သို့သော် ယခုအခါ အမေရိကန်က အီရန်အား အရေးယူပိတ်ဆို့မှုပြုလုပ်ခြင်းများနှင့်အညီ တူရကီနိုင်ငံအနေဖြင့် အပြည့်အဝ ပူးပေါင်းပါဝင်ရန် တောင်းဆိုနေပြန်သည်။

အန်ကာရာမြို့အခြေစိုက် ၂၁ ရာစုတူရကီလေ့လာရေးအဖွဲ့မှ ဥက္ကဋ္ဌ Solmazturk က မကြာသေးမီနှစ်ပိုင်းများက ဆိုးရွားသောနိုင်ငံခြားရေးမူဝါဒရလဒ်ကြောင့် တူရကီနိုင်ငံသည် ယခုအခါ ပရမ်းပတာ အခြေအနေတစ်ရပ်ဖြင့်ကြုံတွေ့နေရသလို ခံစားနေရကြောင်း ဆိုသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက တူရကီအနေဖြင့် ရုရှားထံမှ ဒုံးကျည်စနစ်များ ဝယ်ယူရန် စီစဉ်နေပါက “ ဆိုးဝါးသောအကျိုးဆက်” ဖြင့် ကြုံတွေ့ရမည်ဟု ယခုလအစောပိုင်းတွင် ခြိမ်းခြောက်ခဲ့သည်။

ယင်းလုပ်ဆောင်ချက်သည် နှစ်နိုင်ငံစစ်ဘက်ဆက်ဆံရေးအပေါ် အဆိပ်အတောက်တစ်ခုဖြစ်လိမ့်မည်ဟု ပင်တဂွန်စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ Charles Summers ကသတိပေးခဲ့ပြီး ထိုသို့ပြုလုပ်နေပါက တူရကီအနေဖြင့် အမေရိကန်ထံမှ ပဉ္စမမျိုးဆက် F-35 ဂျက်တိုက်လေယာဉ်များဖြစ်စေ ပက်ထရီးယော့ဒ်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များကို ဖြစ်စေ ဝယ်ယူရေးကို ခွင့်ပြုလိမ့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

တူရကီသည် ၂ဝ၁၇ ခုနှစ် နှစ်ကုန်ပိုင်းက အမေရိကန်ဒေါ်လာ ၂.၅ဘီလီယံ တန်ဖိုးရှိ S-400 လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ် ၄ စင်းကို ရုရှားထံမှ ဝယ်ယူရန် သဘောတူညီခဲ့သည်။ ယင်းဒုံးကျည်ပထမအသုတ်ကို ၂ဝ၁၉ ခုနှစ် ဇူလိုင်လတွင် တူရကီသို့ပေးပို့ရန် စီစဉ်ထားသည်။

“ တူရကီဟာ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒကြောင့် အကျပ်အတည်းတစ်ခုထဲကို ရောက်နေတယ်။ အဲဒါကို ဖောက်ထွက်ဖို့ S-400 ဒုံးကျည်ဝယ်ယူရေးကို လက်လျှော့ရမလိုဖြစ်နေတယ်” ဟု Solmazturk က ဆိုသည်။

အဆိုပါ S-400 ဒုံးကျည်များကို အခြားနိုင်ငံတစ်နိုင်ငံဆီသို့လွှဲပြောင်းပေးအပ်သွားရန် တူရကီက လုပ်ဆောင်ဖွယ်ရှိနေသည်ဟူ၍လည်း သတင်းဌာနများက ရေးသားဖော်ပြခဲ့သည်။

သို့သော် တူရကီနိုင်ငံခြားရေးဝန်ကြီး Cavusoglu က တူရကီအနေဖြင့် S-400 ဒုံးကျည်များကို တတိယနိုင်ငံတစ်ခုသို့လက်လွှဲ ပြန်လည်ရောင်းချသွားမည်ဆိုသည့် ကောလာဟလအပေါ်ငြင်းဆိုခဲ့ပြီး ဒုံးကျည်ရောင်းချရေးသဘောတူစာချုပ်အပေါ် နောက်ပြန်သွားရန် အစီအစဉ်မရှိကြောင်း မတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။

တူရကီအနေဖြင့် S-400 သဘောတူညီချက်ကို မရုပ်သိမ်းပါက အမေရိကန်အနေဖြင့် F-35 ဂျက်တိုက်လေယာဉ်များ လွှဲပြောင်းပေးရေး သဘောတူညီချက် တစ်စိတ်တစ်ပိုင်းကို ပိတ်ဆို့သွားရန် အမေရိကန်ဆီးနိုတ် လွှတ်အမတ်အချို့က မတ် ၂၉ ရက်တွင်တောင်းဆိုခဲ့သည်။ ထို့ပြင် အမေရိကန်အနေဖြင့် တူရကီနှင့်အတူ F-35 တိုက်လေယာဉ်ပူးတွဲထုတ်လုပ်ရေး အစီအစဉ်ကို ရုပ်သိမ်းသွားရန်လည်း ဆိုခဲ့သည်။

အကယ်၍ S-400 သဘောတူညီချက်ကို ရှေ့ဆက်လုပ်ဆောင်နိုင်ခဲ့လျှင် တူရကီသည် နေတိုးနိုင်ငံများထဲတွင် ယင်းဒုံးကျည်စနစ်ကို ပထမဆုံးပိုင်ဆိုင်ခွင့်ရသည့် နိုင်ငံဖြစ်လာမည်။

အမေရိကန်နိုင်ငံက ဧပြီ ၂ ရက်တွင် အီရန်အပေါ် အရေးယူပိတ်ဆို့မှုနှင့်အကျုံဝင်သည့် အီရန်နိုင်ငံနှင့်ဆက်နွယ်သော လူပုဂ္ဂိုလ် ၂၅ ဦး နှင့် အဖွဲ့အစည်းများအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုပြုလုပ်ခဲ့သည်။ အချို့သော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများမှာ တူရကီနိုင်ငံတွင် အခြေစိုက် လုပ်ကိုင်နေသူများဖြစ်ကြောင်း သိရသည်။

နောက်တစ်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ခံ အကြမ်းဖက်ဝါဒ နှင့် ငွေကြေးဆိုင်ရာထောက်လှမ်းရေးအဖွဲ့ဘဏ္ဍာရေးမှူး Sigal Mandelker က တူရကီ နှင့် အခြားသော နိုင်ငံအားလုံးအနေဖြင့် အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုများပြုလုပ်ရေးအတွက် လေ့လာမှုများ လုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

တူရကီအနေဖြင့် အီရန်အပေါ် ပိတ်ဆို့ရေးတွင် ပူးပေါင်းပါဝင်ရန် ပျက်ကွက်ခြင်း (သို့မဟုတ်) S-400 ဝယ်ယူရေးကို ရှေ့ဆက်လုပ်ဆောင်ခြင်း တို့ကြောင့် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုဖြင့်ကြုံတွေ့ရဖွယ်ရှိနေသည်။

ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းတွင် ကာ့ဒ်သူပုန်များ အင်အားကြီးထွားလာမှုနှင့် အမေရိကန်နိုင်ငံက ဆီးရီးယားနိုင်ငံတွင် လှုပ်ရှားနေသည့် အဆိုပါ ကာ့ဒ်သူပုန်များအား ထောက်ခံအားပေးနေခြင်းက အမေရိကန် နှင့် တူရကီ ဆက်ဆံရေးတွင် နောက်ထပ် အဖုအထစ်တစ်ခုဖြစ်ခဲ့ရသည်။

အမေရိကန်နိုင်ငံသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPG) ဟူ၍ လူသိများသည့် ကာ့ဒ်ပြည်သူ့စစ်တပ်ဖွဲ့ကို စစ်ရေးထောက်ပံ့မှုဆက်လက်လုပ်ဆောင်နေခြင်းမှာ တူရကီအတွက် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည်။ ယင်းအဖွဲ့ကို တူရကီက အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် ရှုမြင်ထားသည်။

တူရကီအစိုးရက နယ်စပ်တစ်လျှောက်တွင် YPG များ တပ်စွဲ လှုပ်ရှားနေမှုအပေါ် သည်းခံလိမ့်မည်မဟုတ်ကြောင်း ထပ်တလဲလဲပြောဆိုခဲ့ပြီး အဆိုပါ စစ်သွေးကြွများကို အပြီးအပိုင်ရှင်းလင်းသုတ်သင်ရန် စစ်ရေးအရကြားဝင်လုပ်ဆောင်သွားမည်ဟု ခြိမ်းခြောက်ထားသည်။

တူရကီသည် ယခင်က အိုင်အက်စ် နှင့် YPG စစ်သွေးကြွများထိန်းချုပ်ထားသည့် ဆီးရီးယားအနောက်မြောက်ပိုင်း ဒေသကို ပြန်လည်သိမ်းပိုက်ပြီးနောက် ယင်းနေရာတွင် စစ်တပ်တစ်ခု တပ်စွဲထားခဲ့သည်။

“ တူရကီက အဲဒီဒေသကို အမြဲတမ်း အပြီးအပိုင် ရယူလိုတယ်။ အမေရိကန်ကလည်း အဲဒီအချက်ကိုတော့ လက်ခံဖို့အသင့်ရှိနေတယ်။ဒါပေမယ့် အပြန်အလှန်အနေနဲ့YPG က နောက်ခံနယ်မြေအဖြစ် ဆက်လက်တပ်စွဲထားတဲ့ အရှေ့မြောက်ဆီးရီးယားဒေသမှာ ကာ့ဒ်ကြီးစိုးမှုကို တူရကီက လက်ခံရမှာ ဖြစ်တယ်” ဟု Solmazturk က ဆိုသည်။

“ အကယ်၍ (ဆီးရီးယားပြည်တွင်း) ယူဖရေးတီးစ်မြစ်၏ အရှေ့ပိုင်းဒေသမှာ ကာ့ဒ်တပ်ဖွဲ့တည်ရှိမှုက တူရကီကို ခြိမ်းခြောက်မှုတစ်ရပ် မပြုနိုင်တဲ့အထိ လျှော့ချနိုင်ခဲ့ရင် တစ်ခါတစ်လေ ယူဖရေးတီးစ်မြစ်ရဲ့ အနောက်ပိုင်းဒေသမှာ တူရကီရဲ့ စစ်ရေးလှုပ်ရှားမှုကို အမေရိကန်က မျက်စိမှိတ်ပြီး မမြင်ချင်ယောင်ဆောင်နေမှာပါ” ဟု Yakis က မှတ်ချက်ပြုခဲ့သည်။

သို့သော် ယင်းအစီအစဉ်ကို ရုရှား နှင့် အီရန် နိုင်ငံများက အသေအချာ ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ၊ ၎င်းတို့သည် စစ်အတွင်း ဆီးရီးယားအစိုးရကို အားပေးထောက်ခံသူများဖြစ်ကြောင်း လေ့လာသုံးသပ်သူနှစ်ဦးစလုံးက ဆိုသည်။

“ တူရကီရဲ့ ကျောထောက်နောက်ခံမရှိဘဲ အရှေ့မြောက်ဆီးရီးယားဒေသတစ်ခုလုံးမှာ ကာဒ့်တွေ ရပ်တည်ဖို့မဖြစ်နိုင်ပါဘူး။ အမေရိကန်ရဲ့ ထောက်ခံအားပေးမှုမရှိဘဲနဲ့လည်း ဆီးရီးယားမှာ တူရကီတပ်ဖွဲ့တွေဟာ ဆက်ပြီးတည်ရှိနိုင်မှာမဟုတ်ပါဘူး” ဟု Solmazturk က ဆိုသည်။

အကယ်၍ ဆီးရီးယားပိုင်နက်ကို တူရကီက ၎င်း၏ ထိန်းချုပ်မှုအောက်သို့သွပ်သွင်းရန် အားထုတ်မည်ဆိုပါက ရုရှား နှင့် အီရန် နိုင်ငံများသာမက တစ်ကမ္ဘာလုံး၏ ဆန့်ကျင်ကန့်ကွက်မှုကို တူရကီက ကြုံတွေ့ရမည်ဖြစ်ကြောင်း Yakis က မှတ်ချက်ပြုခဲ့သည်။

ဆီးရီးယားနိုင်ငံတွင် ကာ့ဒ်ဒေသကဲ့သို့သော နယ်မြေဒေသတစ်ခု ပေါ်ထွက်လာခြင်းသည် ယင်းမှာ တူရကီအား ကာ့ဒ်များက ပို၍ ကျယ်ကျယ်ပြန့်ပြန့်ခြိမ်းခြောက်သည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်လာလိမ့်မည်ဟု Solmazturk က မီးမောင်းထိုးပြခဲ့သည်။

တူရကီ၏ ပိုင်နက်နယ်မြေအတွင်း အရှေ့တောင်ပိုင်းဒေသ၌ ၁၉၈၄ ခုနှစ်ကတည်းက ကာ့ဒ်လှုပ်ရှားမှုပေါ်ပေါက်ခဲ့ပြီး ယင်းမှာ ကာ့ဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေခြင်းဖြစ်သလို သီးခြားလွတ်လပ်ရေးအတွက်မဟုတ်ကြောင်း ကာ့ဒ်အလုပ်သမားပါတီက ထုတ်ဖော်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.