North America
အီရန် အမြင့်ဆုံးခေါင်းဆောင်ကို ပိတ်ဆို့မှုများ ပြုလုပ်မည်ဟု အမေရိကန် ကြေညာ
ဝါရှင်တန်၊ ဇွန် ၂၅ ရက်(ဆင်ဟွာ)
အီရန်နိုင်ငံ အမြင့်ဆုံးခေါင်းဆောင် အလီ ခါမေနီ (Ali Khamenei) နှင့် ၎င်းဦးဆောင်သည့် ဌာနများကို ပိတ်ဆို့မှုပြုလုပ်ရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၂၄ ရက်တွင် အမိန့်ကြေညာချက် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အမေရိကန် မောင်းသူမဲ့ ဒရုန်းယာဉ်ကို ပစ်ချခဲ့သည့်ကိစ္စအပါအဝင် ယခုကာလအတွင်း အီရန်၏ လုပ်ဆောင်ချက်များကို တုံ့်ပြန်သည့်အနေဖြင့် ပိတ်ဆို့ခြင်းဖြစ်ကြောင်း ၊ အီရန်၏ ရန်လိုသည့်လုပ်ဆောင်မှုများကို အီရန် အမြင့်ဆုံးခေါင်းဆောင်က တာဝန်ယူသင့်ကြောင်း အဆိုပါ အမိန့်ကြေညာချက်ကို အိမ်ဖြူတော်တွင် လက်မှတ်ရေးထိုးစဉ် ထရမ့်က ပြောကြားခဲ့ကြောင်း သိရသည်။ ယခုပိတ်ဆို့မှုတွင် အလီ ခါမေနီ (Ali Khamenei)အပါအဝင် ၎င်း၏ဌာနနှင့်သက်ဆိုင်ရာလူပုဂ္ဂိုလ်များ၏ အဓိက ဘဏ္ဍာရေးအရင်းအမြစ်များကို ဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ဇွန် ၂၄ရက်တွင်ပင် အီရန်အစ္စလာမ္မစ်တော်လှန်ရေး တပ်ဖွဲ့(IRGC)၏ အဆင့်မြင့်အရာရှိ ၈ ဦးကို ပိတ်ဆို့ကြောင်း ကြေညာခဲ့သည်။ အီရန် နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarifကို ယခု ရက်သတ္တပတ် အနှောင်းပိုင်းတွင် ပိတ်ဆို့မှု ပြုလုပ်ရန် သမ္မတ ထရမ့်က ညွှန်ကြားထားပြီဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗင် နူချင်း( Steven Mnuchin )က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
အမေရိကန်က အီရန်အပေါ်ဆောင်ရွက်နေသည့် သံတမန်ရေးအရ ဖယ်ကျဉ်မှုနှင့် စီးပွားရေးအရ အစွန်းဆုံး ဖိအားပေးမှုကို သဘောတူညီချက်အသစ်ဆောင်ရွက်ရန် ဆွေးနွေးဖု့ိ အီရန် ဆုံးဖြတ်သည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန က ဇွန် ၂၄ ရက်တွင် ထုတ်ပြန်ထားသည့် ကြေညာချက်တွင် ဖော်ပြထားသည်။
အီရန်ဘက်ကမူ ၎င်းအနေဖြင့် အမေရိကန်၏ ပိတ်ဆို့မှုအသစ်များကို ဂရုပြုနေမည်မဟုတ်ကြောင်း ၊ ပိတ်ဆို့မှုအသစ်ဆိုသည်မှာ ဝါဒဖြန့်ချိရေး လုပ်ဆောင်ချက်တစ်ခုသာဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ Mousaviက ဇွန် ၂၄ ရက် တီဟီရန်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ယခုကာလများတွင် အမေရိကန်က အီရန်ကို ဆိုက်ဘာတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သော်လည်း လက်ရှိအချိန်ထိ တစ်ခါမျှ အောင်မြင်မှု မရရှိခဲ့ကြောင်း အီရန် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဝန်ကြီးMohammad Jahromiက ဆိုသည်။ အီရန် ဆိုက်ဘာလုံခြုံရေးသည် ဆိုးဝါးသည့်အခြေအနေဖြင့် ရင်ဆိုင်နေရကြောင်း၊ ၂၀၁၈ ခုနှစ်မှာတွင်ပင် ဆိုက်ဘာတိုက်ခိုက်မှု အကြိမ်ပေါင်း ၃၃ သန်းကို တားဆီးခဲ့ရကြောင်း ၎င်းကဆိုသည်။
ယခုကာလများတွင် အမေရိကန်နှင့်အီရန်အကြား ဆက်ဆံရေးသည် ပိုမို တင်းမာလာသည်။ အီရန်အစ္စလာမ္မစ်တော်လှန်ရေး တပ်ဖွဲ့(IRGC) က Hormuzရေလက်ကြားအနီး အီရန်လေကြောင်းပိုင်နက်အတွင်းသို့ ဝင်ရောက်လာသည့် အမေရိကန် မောင်းသူမဲ့ RQ-4 ဒရုန်းတစ်စင်းကို ပစ်ချခဲ့ကြောင်း ဇွန် ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထို့နောက်မကြာမီ အမေရိကန်ဘက်မှလည်း ၎င်းကိစ္စကို အတည်ပြုခဲ့သော်လည်း ဒရုန်းမှာ နိုင်ငံတကာ လေပိုင်နက်အတွင်းမှာသာ ရှိသည်ဟု ဆိုသည်။ ဇွန် ၂၀ ရက် ညပိုင်းတွင် အမေရိကန်စစ်တပ် အီရန်၏ ပစ်မှတ် နေရာ ၃ ခုကို တုန့်ပြန်တိုက်ခိုက်ရန် ပြင်ဆင်ခဲ့သော်လည်း တိုက်ခိုက်ရေးမလှုပ်ရှားမီ ၁၀ မိနစ်ခန့် အလိုတွင် ရပ်တန့်ခဲ့ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၂၁ ရက်တွင် ပြောကြားခဲ့သည်ဟု သိရသည်။
အမေရိကန်သည် ပြီးခဲ့သောနှစ် မေလက အီရန် နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီးနောက် အီရန်အပေါ် ပိတ်ဆို့မှုများကို ဆက်တိုက်ဆိုသလို ပြန်လည်ဆောင်ရွက်ခဲ့သည်။ (Xinhua)