North America
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က Air Force One အစီအစဉ်အတွက် ဒေါ်လာ ၃.၉ ဘီလီယံ တန်ဖိုးရှိ လေယာဉ်သစ် နှစ်စင်း ဝယ်ယူမည်

ဝါရှင်တန် ၊ မတ် ၁ ရက်(ဆင်ဟွာ)
သမ္မတဒေါ်နယ်ထရမ့်၏ အမေရိကန်အစိုးရသည် တန်ကြေး အမေရိကန်ဒေါ်လာ ၃.၉ ဘီလီယံရှိ လေယာဉ်သစ် နှစ်စင်းကို Air Force One အစီအစဉ်အတွက် ဝယ်ယူရန် ဘိုးရင်းကုမ္ပဏီ နှင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း အိမ်ဖြူတော်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
သမ္မတအိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ်က ဒေါ်နယ်ထရမ့်သည် Air Force One လေယာဉ်သစ်အတွက် ဘိုးရင်းကုမ္ပဏီနှင့် အလွတ်သဘော “ ဈေးနှုန်းသတ်မှတ်ချက်သဘောတူညီမှု” ရရှိခဲ့ပြီဖြစ်ကြောင်း ဆိုသည်။
၎င်းသဘောတူညီချက်သည် ဈေးနှုန်း ၁.၄ ဘီလီယံ ကျော် အခွန်သက်သာခွင့်ရမည်ဖြစ်ကြောင်း ၊ သို့သော်လည်း အတည်မပြုနိုင်သေးကြောင်း အိမ်ဖြူတော်က ဆိုသည်။
ဘိုးရင်းကုမ္ပဏီက ၎င်းတို့၏ တွစ်တာလူမှုကွန်ရက်ပေါ်တွင် “အခွန်ထမ်းတွေရဲ့ ထူးကဲသာလွန်တဲ့တန်ဖိုးနဲ့အတူ အိမ်ဖြူတော်က အမေရိကန်သမ္မတတွေအတွက် Air Force One နောက်ထပ်မျိုးဆက်တစ်ခုကို တည်ဆောက်ခွင့်ရလို့ဂုဏ်ယူပါတယ်” ဟု ရေးသားထားသည်။
ချီကာဂိုမြို့အခြေစိုက် ဘိုးရင်းဂျက်လေယာဉ်ကုမ္ပဏီသည် သမ္မတထရမ့်အနေဖြင့်“ အမေရိကန်ပြည်သူတွေရဲ့ ကိုယ်စား ကောင်းမွန်တဲ့သဘောတူညီမှုကို ဆွေးနွေးခဲ့ပါတယ်” ဟု ဖြည့်စွက်ဖော်ပြထားသည်။
သဘောတူညီချက်တွင် သမ္မတဒေါ်နယ်ထရမ့်၏ ပုဂ္ဂိုလ်ရေး ဆောင်ရွက်မှုပါဝင်ပြီး ရွေးကောက်ပွဲကတည်းကအစပြု၍ ကာလကြာရှည်စွာ ဘိုးရင်း နှင့် အမေရိကန်လေတပ်အကြား ဆွေးနွေးခဲ့ကြောင်း သတင်းများက ဆိုသည်။
ဘိုးရင်းကုမ္ပဏီက လေယာဉ်များအတွက် အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ကုန်ကျမည်ဟု တောင်းဆိုခဲ့ခြင်းအပေါ် ယင်းသဘောတူညီချက်အား ပယ်ဖျက်မည်ဟု ထရမ့်က ၂ဝ၁၆ ခုနှစ်တွင် ခြိမ်းခြောက်ပြောဆိုခဲ့ပြီး ၎င်းဈေးနှုန်းမှာ “ အထိန်းအချုပ်မဲ့လွန်နေ” ကြောင်း ထရမ့်က ဆိုသည်။ ဘိုးရင်းက ဈေးနှုန်းကုန်ကျစရိတ်ကို ထိန်းချုပ်ပေးမည်ဟု ယင်းအချိန်က ကတိပြုပြောကြားခဲ့သည်။
အမေရိကန်သမ္မတလေယာဉ်များဟု လူသိများသည့် Air Force One လေယာဉ်သည် အမေရိကန်နိုင်ငံသမ္မတ၏ အထူးဝိသေသပြု အမှတ်လက္ခဏာတစ်ခုဖြစ်သည်။
အရပ်ဖက်အသုံးပြုသော ဘိုးရင်း ၇၄၇-၈ လေယာဉ်သည် တစ်စင်းလျှင် တန်ကြေးအမေရိကန်ဒေါ်လာ သန်း ၃၉၀ ရှိသည်။ သို့သော် အမေရိကန်သမ္မတအတွက် ထုတ်လုပ်သော လေယာဉ်သည် လုံခြုံရေး နှင့် ကာကွယ်ရေး ကိရိယာများတပ်ဆင်ထားရသည့်အတွက် ဈေးနှုန်းကြီးမြင့်ရခြင်းဖြစ်သည်။
လေယာဉ်ပေးပို့မည့် ရက်စွဲမှာ ၎င်းလေယာဉ်သစ်ကို အမေရိကန်လေတပ်က မည်မျှကြာကြာ စမ်းသပ်မည်ဆိုသည့် အချက်ပေါ်မူတည်ကြောင်း ဘိုးရင်းက ပြောကြားထားပြီး ကနဦးပျံသန်းမှုသည် ၂ဝ၂၄ ခုနှစ်တွင် အသင့်ဖြစ်ဖွယ်ရှိကြောင်း ဆိုထားသည်။(Xinhua)