MYANMAR
ရန်ကုန်တိုင်းဒေသကြီးအတွင်း ညမထွက်ရ Curfew အမိန့် ယနေ့မှ စ၍ အချိန် လျှော့ချ
ရန်ကုန် ၊ မေ ၁၅ ရက်(ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီးအတွင်း ညမထွက်ရ Curfew အမိန့် အား ယနေ့ မေ ၁၅ ရက်မှစပြီး ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်းသို့ အချိန် လျှော့ချပြင်ဆင်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းက ဆင်ဟွာသို့ ယနေ့ အတည်ပြုပြောကြားခဲ့သည်။
“ဒီနေ့ကနေစပြီး ညမထွက်ရ အမိန့်ကို ဖြေလျှော့လိုက်တာပေါ့။လျှော့ချလိုက်တာက ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စေတနာ့ဝန်ထမ်းတွေပဲ ဖြစ်ဖြစ် ၊ ကျန်းမာရေး ဝန်ထမ်းတွေပဲ ဖြစ်ဖြစ် Quarantine စင်တာတွေကို သွားလာနေကြတယ်လေ။ အချိန်လျှော့ပေးလိုက်တဲ့ အတွက်ကြောင့် ည ၁၂ နာရီအထိ သွားလို့ရတာပေါ့။ အရင်ကဆိုရင် ၁၀ နာရီထိုးဆိုလို့ရှိရင် မှတ်တမ်းစာရွက်တွေ ပါမှသာ သွားလို့လာလို့ရတာလေ ။ အခုဆိုရင် သူတို့ လွတ်လွတ်လပ်လပ် သွားလို့ ရတာပေါ့။ နောက်ပြီး ပြည်သူလူထုလည်း အလုပ်ကိစ္စရှိလို့ရှိရင် ဒါမှမဟုတ် ကျန်းမာရေး ကိစ္စတွေ ရှိလို့ရှိရင် ၁၂ နာရီအထိ နေပြီး သွားလို့ရတာပေါ့။ အချိန်ပိုရသွားတာပေါ့။ အခု ညမထွက်ရ အမိန့်က ကာလ အကန့်အသတ် မရှိပါဘူး။”ဟု လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားခဲ့သည်။
COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုကိုးကျွန်းမြို့နယ်မှအပ ကျန်မြို့နယ်များတွင် ညမထွက်ရ Curfew အမိန့် အား ယခင်က ဧပြီ ၁၈ ရက်မှ စ၍ ည ၁၀ နာရီမှ နံနက် ၄ နာရီ အတွင်း သတ်မှတ်ခဲ့ရာ မလိုက်နာသူများအား အရေးယူထားမှုများမှာ ရာနှင့်ချီ၍ ရှိကြောင်းလည်း ၎င်းထံမှ သိရသည်။
ညမထွက်ရ Curfew အမိန့် အား ပြင်ဆင်ထုတ်ပြန်ရန် မေ ၁၄ ရက်စွဲဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အကြောင်းကြားထားကြောင်း သိရသည်။
COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် သက်ဆိုင်ရာ နေပြည်တော် ကောင်စီ ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အတွင်းရှိ မြို့နယ်များအား ည ၁၀ နာရီမှ နံနက် ၄ နာရီ အတွင်း ညမထွက်ရ Curfew အမိန့် ထုတ်ပြန်ခြင်းကို ဧပြီ ၁၈ ရက်မှစတင်၍ သက်ဆိုင်ရာ မြို့နယ်များအလိုက် ထုတ်ပြန်ခဲ့ပြီး ဖြစ်ရာ မေ ၁၅ ရက်မှစပြီး ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရ Curfew အမိန့်အား ပြင်ဆင်ထုတ်ပြန်ရေး ဆောင်ရွက်သွားရန် COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ အကြောင်းကြားထားကြောင်း သိရသည်။ (Xinhua)