Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ထက်ဝက်ခန့် ပြန်လည်ကျန်းမာလာခြင်းသည် နိုင်ငံတကာဆေးပညာရှင်များအတွေ့အကြုံဝေမျှမှုများ နှင့် ပြည်တွင်း ဆေးပညာရှင်များ၏ အားထုတ်ကျိုးပမ်းမှုကြောင့် ဖြစ်ကြောင်းဆို 

တရုတ်နိုင်ငံ မှ ဆေးပညာရှင်အဖွဲ့ မြန်မာနိုင်ငံမှ ဆေးပညာရှင်များအား အတွေ့အကြုံများဝေမျှစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ) 

COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၈၂ ဦးအနက် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၈၉) ဦးရှိကြောင်း၊ ၎င်းတို့အနက် (၇၄) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ထိုသို့ရလဒ်ကောင်း ထွက်ရှိခဲ့ခြင်းသည် ကုသမှုပိုင်းတွင် နိုင်ငံတကာနှင့်တရုတ်နိုင်ငံမှ ဆေးပညာရှင်များ ၏ အတွေ့အကြုံဝေမျှမှုများ  နှင့် ပြည်တွင်းမှ ဆေးပညာရှင်များ ၏ အားထုတ်ကျိုးပမ်းမှုကြောင့် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုး ကမေ ၁၆ ရက် တွင် ဆင်ဟွာကိုပြောသည်။

ဒေါက်တာသန်းနိုင်စိုးက “COVID-19 ရောဂါမတွေ့ခင်ကတည်းက ကျွန်တော်တို့ က ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ ပါမောက္ခ၊ သမားတော်ကြီးတွေ ပါဝင်တဲ့ Clinical Management Guideline ဆိုပြီး case အလိုက် ဘယ်လိုဆောင်ရွက်မယ် ဆိုတာ ကို Version -4 အထိ ထုတ်ထားတယ်။ အဲ့ဒီ့ထဲမှာ ကုသရမယ့်ဆေးတွေ ပါတယ်။ တရုတ်ပြည်က ဆေးပညာရှင်အဖွဲ့ ပါတဲ့ အခါ သူတို့ ရဲ့ အတွေ့အကြုံတွေ အကြံဉာဏ်တွေ ကိုမျှဝေပေးခဲ့တယ်။  ဒါတွေ ကလည်းကျွန်တော်တို့ ကုသရေးမှာအထောက်အကူပြုခဲ့ပါတယ်’’ ဟုပြောသည်။

ထို့ပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှ နိုင်ငံနှင့် ဒေသတွင်းတွင်  ကွန်ယက်ကြီးတစ်ခုအဖြစ် Clinical အတွေ့အကြုံများအား Video Conference မှတစ်ဆင့်  ပြန်လည် မျှဝေခဲ့ကြောင်း၊  အဆိုပါကွန်ယက်တွင်  နိုင်ငံတကာမှ ဆေးပညာရှင်များ ၏  အတွေ့အကြုံများ၊ Case ပေါ်မူတည်၍ အသုံးပြုသည့် ဆေးများကိုမျှဝေခဲ့ကြောင်း၊ ၎င်း သည်လည်း ကုသရေးပိုင်းတွင် အထောက်အကူပြုခဲ့ကြောင်း သိရသည်။  

မေ ၁၅ ရက်တွင်  COVID-19 ဓာတ်ခွဲစစ်ဆေးမှုများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ်ခွဲနမူနာ (၅၄၆) ခုနှင့် ဆေးသုတေသနဦးစီးဌာန မှ ဓာတ်ခွဲနမူနာ (၁၄၈) ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ (၆၉၄) ခုအား စစ်ဆေးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ယနေ့နံနက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

လက်ရှိအချိန်အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိကြောင်း သိရသည်။  (Xinhua)