Connect with us

MYANMAR

အမျိုးသားစာကြည့်တိုက် (ရန်ကုန်)  ၏ ဝက်ဘ်ဆိုက်တွင် ပေ၊ ပုရပိုက်၊ ပညာရေးဆိုင်ရာအစီရင်ခံစာများ၊ ရှေးဟောင်း သုတေသန ဆိုင်ရာစာစုများကို ဖတ်ရှုနိုင်ရန်ဆောင်ရွက်ထား

အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ၏ ဖတ်ရှုနိုင်သည့် စာအုပ်လင့်တစ်ချို့အားတွေ့ရစဉ် (ဓာတ်ပုံ-- အမျိုးသားစာကြည့်တိုက် -ရန်ကုန်)

ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ) 

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အနေဖြင့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)  ကို COVID-19 အလွန်ကာလတွင် ဖွင့်လှစ်ရန်ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလတွင်  တစ်နိုင်လုံးရှိ ပြည်သူများ www.nlm.gov.mm တွင်စာကြည့်တိုက်ပိုင် ပေ၊ ပုရပိုက်၊ ပညာရေးဆိုင်ရာအစီရင်ခံစာများ၊ ရှေးဟောင်း သုတေသန ဆိုင်ရာစာစုများ၊ ဗုဒ္ဓစာပေဆိုင်ရာစာအုပ်များ၊ စွယ်စုံကျမ်းများ အပါအဝင်e-Resources များကို  လေ့လာဖတ်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအာကာကျော်က ဆင်ဟွာကို မေ ၁၅ ရက်တွင်ပြောသည်။

ဦးအာကာကျော်က “ဧပြီလ အတွင်း ရန်ကုန်မှာရှိတဲ့ အမျိုးသားစာကြည့်တိုက်ကို ဖွင့်မယ်ဆိုပြီး ဆောင်ရွက်ထားတာ COVID-19 ရောဂါဖြစ်လို့ မဖွင့်ဖြစ်တဲ့အချိန်  National Library ကနေ အွန်လိုင်းဝန်ဆောင်မှုပေးနေတယ်။E-book တွေ၊ ပေစာတွေ၊ ကတ်တလောက်တွေ ရှိတယ်။ ပေစာတွေ ကို ပြနိုင်သလောက် အတိုင်းအတာ အထိတင်ထားပေးတယ်။  လူစုလူဝေး မလုပ်ရဘူး ဆို ပြီး ကန့်သတ်လိုက်တဲ့အချိန်မှာပဲ ပြည်သူတွေ လေ့လာနိုင်အောင်ဆောင်ရွက်ခဲ့တာပါ။’’ ဟုပြောသည်။ 

ပြည်သူများအနေဖြင့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)ရှိ စုဆောင်း ထားသော စာပေပစ္စည်းများ ၏ စာရင်း အချက် အလက်များကို အမျိုးသား စာကြည့်တိုက် Website Homepage မှ Resources ရှိ Online စာရင်း (Online Public Access Catalogue)တွင် အချိန်တိုအတွင်း လျင်မြန် လွယ်ကူစွာ ရှာဖွေ နိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။

ထို့ပြင် စာကြည့်တိုက် Website တွင် အမျိုးသားစာကြည့်တိုက်ပိုင် စုဆောင်းထားသည့် ဒီဂျစ်တယ် စာစုများဖြစ်သည့် စာအုပ်၊ စာနယ်ဇင်း၊ ပေ၊ ပုရပိုက်၊ ပညာရေးဆိုင်ရာအစီရင်ခံစာများ၊ ရှေးဟောင်း သုတေသန ဆိုင်ရာစာစုများ၊ ဗုဒ္ဓစာပေဆိုင်ရာစာအုပ်များ၊ စွယ်စုံကျမ်းများ၊ ကလေး စာပေဆိုင်ရာ စသည့် e-Resources များအား ချိတ်ဆက်ဆောင်ရွက် ထားပြီး စာဖတ်သူများအနေဖြင့် အမျိုးသား စာကြည့်တိုက် Website ရှိ NL e-Resources နှင့် Quick Links တို့တွင် ဝင်ရောက်ရှာဖွေအသုံးပြု နိုင်ရန်ဆောင်ရွက်ထားကြောင်းသိရသည်။ 

ထို့ပြင် အမျိုးသားစာကြည့်တိုက်အနေဖြင့် Online မှ အများ ပြည်သူအသုံးပြုဖတ်ရှုနိုင်ရန် IG Publishing e-Books Database တစ်ခုကို ဆောင်ရွက်ထားရှိပြီး ယင်း Database များမှာ Asian Literature Collection၊ Rare Books on Asian Literature Collection (အာရှဒေသတွင်းနိုင်ငံများ ဆိုင်ရာစာအုပ်များ နှင့် ရှားပါးစာအုပ်များ)၊ Children Literature Collection: Audio and e-Books (ကလေးစာပေဆိုင်ရာ အသံဖိုင် နှင့် e-Books) များစသည့် electronic resources စုစုပေါင်း (၃၀,၀၀၀) ကျော်ကိုလည်း စာဖတ်သူ များအနေဖြင့် Online မှ ရှာဖွေ အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။ IG Publishing e-Books Databases များ ကို Online မှ အသုံးပြုရာတွင် လွယ်ကူစေရန် အဆင့်လိုက်ဝင် ရောက်ရမှုများကို Library Portal ရှိ Noticeတွင်ရှင်းလင်းဖော်ပြထားကြောင်း သိရသည်။ 

eTekkaatho ဒီဂျစ်တယ်စာကြည့်တိုက်ဝန်ဆောင်မှုနှင့် Research 4 Life Program Database၊ ProQuest Database စသည့် ဒီဂျစ်တယ် စာစုများကိုမူ အမျိုးသားစာကြည့်တိုက်ဖွင့်လှစ်သည့်အခါတွင် စာကြည့် တိုက်သို့လူကိုယ်တိုင်လာရောက်ရှာ ဖွေအသုံးပြုနိုင်ကြောင်း သိရသည်။  အဆိုပါ ဝက်ဘ်ဆိုက်ကို ဧပြီ လ တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။  (Xinhua)