MYANMAR
ဩဂုတ် ၂၉ ညပိုင်းတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၇) ဦး အထိ အများဆုံးစံချိန်တင်တွေ့ရှိ
ရန်ကုန် ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ယနေ့ (သြဂုတ် ၂၉ ရက်) ည (၈)နာရီတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၇) ဦးအထိ အများဆုံးစံချိန်တင်တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
သြဂုတ် ၂၆ ရက် နံနက် (၈)နာရီတွင် COVID-19ရောဂါ အတည်ပြုလူနာ (၇၀)ဦးတွေ့ရှိခဲ့ပြီးယခုတွေ့ရှိမှုသည် ၎င်းအားစံချိန်ချိုး၍ စံချိန်သစ်တင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း(၇၃၃) ဦး ရှိလာကြောင်း သိရသည်။
ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက “ရောဂါပျော့တယ်ဘာညာဆိုပြောကြတယ်။ မပေ့ါစေချင်ပါဘူး။ COVID-19 ရောဂါက အခု ဆိုရင် တွေ့တဲ့အရေအတွက်များနေတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်တွေကို သေချာလိုက်နာဖို့၊ နှာခေါင်းစည်းတပ်ဖို့ ၊ လက်ကိုစက္ကန့်၂၀ကြာဆေးဖို့ပြောချင်ပါတယ်’’ ဆင်ဟွာသို့ သြဂုတ် ၂၉ ရက်တွင်ပြောသည်။
သြဂုတ် ၂၉ ရက် ည ၈နာရီ အချိန်အထိ ဓာတ်ခွဲအတည်ပြု လူနာဟောင်းများ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၃၅၁) ဦး ရှိကြောင်း၊ ၎င်းတို့အနက် (၃၄၇) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ဓာတ်ခွဲနမူနာစုစုေပါင်း ၁၄၇၄ ခုအားယနေ့ညနေတွင်စစ်ဆေးပြီးစီးခဲ့ပြီး ဓာတ်ခွဲစမ်းသပ်စစ်ဆေးပြီးစီးချိန် နှင့် သတင်းထုတ်ပြန်ချိန်အကြား တိုတောင်းခြင်းကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များအားပြုစုလျက်ရှိပြီး ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)