Videos
တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် လေယာဉ်အတွက် ထုတ်လုပ်မှုနှင့်စမ်းသပ်ပျံသန်းမှု စင်တာတည်ဆောက်ပြီးစီး
ကျန်းရှီး၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းရှီးပြည်နယ်တွင် နိုင်ငံ၏ပထမဆုံးပြည်တွင်းဖြစ် ဒီဇိုင်းဆွဲကာ တည်ဆောက်ထားသည့် လေယာဉ်ထုတ်လုပ်မှုနှင့်စမ်းသပ်ပျံသန်းမှုစင်တာကို ပြီးခဲ့သည့်စနေနေ့က ပြီးစီးခဲ့သည်။ တရုတ်နိုင်ငံရှိ Commercial Aircraft Corporation of China (COMAC) က လေယာဉ် ထုတ်လုပ်ခြင်းနှင့် စမ်းသပ်မောင်းနှင်ခြင်းစင်တာတွင် လေယာဉ်များ ဆေးအရောင်သုတ်ခြင်း၊ စမ်းသပ်မောင်းနှင်မှုတွင် အထောက်အပံ့ပြုလုပ်ခြင်း၊လေယာဉ်များပို့ဆောင်ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်းနှင့် အခြားဆက်စပ်လုပ်ငန်းများလုပ်ဆောင်ရန် စီစဉ်ထားသည်။
ထိုစင်တာတွင် အဓိကအားဖြင့် ARJ21 ဂျက်လေယာဉ်များအားထုတ်လုပ်ရန်နှင့်စမ်းသပ်မောင်းနှင်ရန် အသုံးပြုသွားမည်ဖြစ်သည်။ARJ21 ဂျက်လေယာဉ်များ သည် တရုတ်နိုင်ငံ၏ ပထမဆုံး တာဘို ပန်ကာတပ်ဆင်ထားသည့် ဒေသတွင်းသုံးခရီးသည်တင်ဂျက်လေယာဉ်အမျိုးအစားဖြစ်ပြီး ခရီးသည် ၇၈ ဦးမှ ၉၀ ဦးအထိ တင်ဆောင်နိုင်ကာ အကွာဝေး ၃,၇၀၀ ကီလိုမီတာအထိ ပျံသန်းမောင်းနှင်ရန်ဒီဇိုင်းထုတ်လုပ်ထားသည်။
တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် လုပ်ငန်းသုံး လေယာဉ်များ၏ ကနဦးလေယာဉ်အဖြစ် ARJ21 လေယာဉ်အား ၂၀၁၆ ခုနှစ် ဇွန်လတွင် ချိန်တူးလေကြောင်းလိုင်းမှ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းကို စီးပွားဖြစ် စတင်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်ကုန်ပိုင်းတွင် ARJ 21 ခရီးသည်တင်ဂျက်လေယာဉ်များမှာ ခရီးသည်ပေါင်း ၁.၆ သန်းခန့်အား ဘေးကင်းစွာ သယ်ယူပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း COMAC မှ ထုတ်ပြန်ချက်များအရ သိရသည်။ (Xinhua)