Connect with us

Myanmar

မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသား/သူ ၄,၅၀၀ ကျော်အားလွတ်ငြိမ်းခွင့်ပြု

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်ရှေ့၌ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများကို ၂၀၂၅ ခုနှစ် ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်နေ့) ၌ တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီး၌ အကျဉ်းကျခံနေရသော အကျဉ်းသူ/သား ၄,၅၀၀ ကျော်ကို ယနေ့ (ဧပြီ ၁၇ ရက်) မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် နိုင်ငံတော် သမ္မတက လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။

မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက်လည်းကောင်း နိုင်ငံတော်သမ္မတသည် အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ သူ ၄,၃၃၅ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သိရသည်။

အလားတူ  အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသောနိုင်ငံခြားသား အကျဉ်းသား/ သူ ၁၇၉ ဦးကိုလည်း ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။

ဆက်လက်ပြီး ဧပြီလ ၁၇ ရက်မတိုင်မီ ကျူးလွန်ခဲ့သောပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီးပါက ယင်းတို့ကျခံနေရသော ပြစ်ဒဏ်အသီးသီးဖြစ်သည့်  သေဒဏ်ပြစ်ဒဏ်ကျခံနေရသူများကို ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်သို့ ပြောင်းလဲကျခံစေရန်၊ထောင်ဒဏ်တစ်သက်နှင့် နှစ်အကန့်အသတ်မရှိထောင်ဒဏ်ကျခံနေရသူများကို ထောင်ဒဏ် နှစ် ၄၀ သို့လျှော့ပေါ့ကျခံစေရန် (ယခင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်များအရ သေဒဏ်မှ ထောင်ဒဏ်တစ်သက်သို့ပြောင်းလဲထားသူများမပါ)၊ ထောင်ဒဏ် နှစ် ၄၀ အထက်ကျခံနေရသူများကို ထောင်ဒဏ် နှစ် ၄၀ သို့ ပြောင်းလဲကျခံစေရန်နှင့်  ထောင်ဒဏ်နှစ် ၄၀ နှင့် အောက်ကျခံနေရသူများကို ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်၏ခြောက်ပုံတစ်ပုံအား လျှော့ပေါ့ကျခံစေရန် သက်သာခွင့်ပေးလိုက်ကြောင်း သိရသည်။ (Xinhua)