Environment, Disasters & Accidents
မြန်မာ့ဆင်များ ထိန်းသိမ်းရေး လုပ်ငန်းစီမံချက် အပြီးသတ် ပြင်ဆင် ရေးဆွဲပြီ
နေပြည်တော်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)
မြန်မာ့ ဆင်မျိုးစိတ်များ ဆက်လက် တည်ရှိရေး၊ တောဆင်ရိုင်းများအား သတ်ဖြတ်နေမှု၊ လူနှင့် ဆင် ပဋိပက္ခ ဖြစ်မှုများ ကာကွယ်တားဆီးရေးတို့အတွက် မြန်မာ့ဆင်များ ထိန်းသိမ်းရေး လုပ်ငန်းစီမံချက် (မူကြမ်း)ကို တတိယအကြိမ် အပြီးသတ် ပြင်ဆင်ရေးဆွဲသည့် အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော် Grand Amara ဟိုတယ်တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ထိုသို့ အပြီးသတ်ညှိနှိုင်း ရေးဆွဲလိုက်သည့် လုပ်ငန်း စီမံချက်ကို နိုင်ငံတော် အစိုးရအဖွဲ့ထံ တင်ပြပြီး အတည်ပြု ထုတ်ပြန်သွားမည်ဟု သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ယနေ့ အလုပ်ရုံ ဆွေးနွေးပွဲ အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ခဲ့သည်။
“လက်ရှိကာလမှာ တောဆင်ရိုင်းများကို တရားမဝင် သတ်ဖြတ်နေမှု၊ လူနှင့် ဆင် ပဋိပက္ခ ဖြစ်ပွားမှုတွေဟာ ဧရာဝတီ၊ ရန်ကုန်နဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်၊ ဒါတွေကို ကာကွယ် တားဆီးဖို့၊ မြန်မာ့ ဆင်များနဲ့ ယင်းတို့ရဲ့ နေရင်းဒေသတွေကို ရေရှည် တည်တံ့စေဖို့ ကာကွယ် ထိန်းသိမ်း ရန်နဲ့ လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ့် လုပ်ငန်း အစီအမံတစ်ခုကို နိုင်ငံတော် အစိုးရအဖွဲ့ထံ တင်ပြပြီး ထုတ်ပြန်နိုင်မှာ ဖြစ်တဲ့အတွက် များစွာ ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်” ဟု ၎င်းက ပြောခဲ့သည်။
သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီး ဌာန အနေဖြင့် ဆက်စပ်ဌာန ဆိုင်ရာများ၊ ဒေသအုပ်ချုပ်ရေး အဖွဲ့များ၊ လုံခြုံရေး အဖွဲ့အစည်းများနှင့်သာမက နိုင်ငံတကာ NGOs များမှ ကျွမ်းကျင်သူများနှင့် ပူးပေါင်း လက်တွဲပြီး ယခုကိစ္စကို အရေးကြီး ကိစ္စတစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိသည် ဟုလည်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။
ပဲခူးတိုင်းအနောက်ခြမ်း သာဂရမြို့နယ် ဖိုးကျားဆင်စခန်းမှ သုံးမိုင်ခန့်အကွာတွင်ရှိသော သိုင်းချောင်း အိုင်ဝိုင်းကြီး သစ်ထုတ်လုပ်ရေးစခန်းမှ ဆင်များကိုတွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် တောဆင်ရိုင်းများ၏ နေရင်းဒေသနှင့် ဂေဟ စနစ်များကို ကာကွယ်ရန် ဆင်ထိန်းသိမ်းရေး သဘာ၀ နယ်မြေများ သတ်မှတ် တည်ထောင်လျက်ရှိရာ အလောင်းတော် ကသပ အမျိုးသား ဥယျာဉ်၊ ရွှေဥဒေါင်း ဘေးမဲ့တော၊ ထမံသီ ဘေးမဲ့တော၊ ရခိုင်ရိုးမ ဆင် ဘေးမဲ့တော၊ ဟူးကောင်း ချိုင့်ဝှမ်း ဘေးမဲ့တော နှင့် မြောက်ဇာမရီ ဘေးမဲ့တော ဟူသည့် သဘာ၀ နယ်မြေ ခြောက်ခုတည်ထောင်ထားရှိပြီးဖြစ်ကြောင်း၊ ဇီ၀ မျိုးစုံ မျိုးကွဲ ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး သဘာ၀ နယ်မြေများကို နိုင်ငံ ဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိ တည် ထောင်သွားရန် ရည်ရွယ်ထားကြောင်း၊ ယနေ့အထိ သဘာ၀ နယ်မြေ စုစုပေါင်း ၃၉ ခုတို့ကို နိုင်ငံ ဧရိယာ၏ ၅ ဒသမ ၇၅ ရာခိုင်နှုန်းအတွင်း တည်ထောင်နိုင်ခဲ့ပြီး နောက်ထပ် သဘာ၀ နယ်မြေ ၁၁ ခုတို့ကို နိုင်ငံ ဧရိယာ၏ ၁ ဒသမ ၄၁ ရာခိုင်နှုန်းတွင် တိုးချဲ့တည်ထောင်သွားနိုင်ရန် အဆိုပြုထားပြီး ဖြစ်ကြောင်းနှင့် နိုင်ငံ့ ဧရိယာ၏ ၁၀ ရာခိုင်နှုန်း ပြည့်မီရေးအတွက် သဘာ၀ အမွေအနှစ်ကောင်းများ တည်ရှိသော အခြား မြေများ၊ အဏ္ဏဝါ နယ်မြေ များ၊ ထုံးကျောက်လိုဏ်ဂူများကို ထပ်မံ တိုးချဲ့ ဖွဲ့စည်း သတ်မှတ်နိုင်ရေး အတွက် လျျာထား ဆောင်ရွက်လျက် ရှိ ကြောင်း၊ ယင်း အဆိုပြု သဘာ၀ နယ်မြေများတွင် တောဆင်ရိုင်းများ ကျန်ရှိ ကျက်စားနေသည့် နယ်မြေများ ပါဝင်နေပြီး ဆင်များအတွက် နေရင်းဒေသ၊ ကျက်စား နယ်မြေများ အဖြစ် သတ်မှတ် ထားရှိပေးသွားနိုင်မည် ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ဖြည့်စွက်ပြောခဲ့သည်။
အဆိုပါ တတိယ အကြိမ် အပြီးသတ် ညှိနှိုင်းသည့် အလုပ်ရုံ ဆွေးနွေးပွဲသို့သယံဇာတနှင့် သဘာ၀ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆက်စပ် ဝန်ကြီးဌာန များမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ NGO များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)