Connect with us

WORLD

Remdesivir အပါအဝင် ကုထုံးများက COVID-19 လူနာများအပေါ် ထိရောက်မှု “အနည်းငယ်ရှိ သို့မဟုတ် လုံးဝမရှိကြောင်း” စမ်းသပ်မှုများအရ တွေ့ရှိရကြောင်း WHO ပြော

အီဂျစ်နိုင်ငံ ဂီဇာပြည်နယ်ရှိ Eva Pharma ဆေးဝါးထုတ်လုပ်သည့် ဓာတ်ခွဲခန်းတွင် Remdesivir ဆေးများကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

COVID-19 လူနာများကို ကုသသော ဆေးဝါးလေးမျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ပူးပေါင်းဆောင်ရွက်သော နိုင်ငံတကာစမ်းသပ်မှုတစ်ခုမှ နောက်ဆုံးထုတ်ပြန်လိုက်သော ရလဒ်များအရ အဆိုပါ ဆေးဝါးများမှာ COVID-19 ကြောင့် သေဆုံးမှုကို ကာကွယ်ခြင်း သို့မဟုတ် ဆေးရုံတက်ချိန်လျှော့ချခြင်းများတွင် ထိရောက်မှု “အနည်းငယ်ရှိ သို့မဟုတ် လုံးဝမရှိ” ဟု ပြသနေကြောင်း WHO က အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

WHO သည် hydroxychloroquine စမ်းသပ်မှုလုပ်ငန်းကို ဇွန်လတွင်လည်းကောင်း၊ lopinavir နှင့် ritonavir စုပေါင်းစမ်းသပ်မှုကိုမူ ဇူလိုင်လတွင်လည်းကောင်း အသီးသီးရပ်ဆိုင်းခဲ့ပြီး အဆိုပါ ကုထုံးနှစ်မျိုးသည် ဆေးရုံတက်ရောက်နေသည့် COVID-19 လူနာများ သေဆုံးမှုကို အနည်းငယ်သာလျှော့ချပေးနိုင်ကြောင်း ဖော်ပြထားသည်။

“လက်တွေ့စမ်းသပ်မှုတွေထဲက အခြားဆေးနှစ်မျိုးဖြစ်တဲ့ remdesivir နဲ့ interferon ဆေးတွေစမ်းသပ်မှုမှ ယာယီရလဒ်တွေက COVID-19 ရောဂါမှ သေဆုံးမှုကို ကာကွယ်ခြင်း ဒါမှမဟုတ် ဆေးရုံတက်ချိန်လျှော့ချခြင်းတွေမှာ အနည်းငယ် သို့မဟုတ် လုံးဝထိရောက်မှုမရှိပါဘူး” ဟု WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က အောက်တိုဘာ ၁၅ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

အဆိုပါ ရလဒ်များသည် WHO မှ ကြီးကြပ်ခဲ့သော Solidarity Therapeutics Trial မှဖြစ်ကြောင်း သိရသည်။
Solidarity Trial သည် လစဉ် လူနာ ၂,၀၀၀ ဦးခန့်ကို စုဆောင်းနေဆဲဖြစ်ပြီး ပဋိပစ္စည်းများနှင့် ဗိုင်းရပ်စ်တိုက်ဖျက်ရေးအသစ်များ အပါအဝင် အခြားသောကုသမှုများကို အကဲဖြတ်သွားမည်ဖြစ်ကြောင်း Tedros  က ဆိုသည်။

“corticosteroid dexamethasone ဆေးကတော့ ရောဂါဆိုးရွားတဲ့ လူနာတွေအတွက် COVID-19 ကုသရေးရာမှာ ထိရောက်မှုရှိတဲ့ တစ်ခုတည်းသော ကုထုံးအဖြစ် ရှိနေဆဲပါပဲ” ဟု Tedros က ဆိုပြီး လက်တွေ့စမ်းသပ်မှု ရလဒ်အပြည့်အစုံကို ဦးဆောင် သိပ္ပံဂျာနယ်တွင် ထုတ်ပြန်သွားမည်ဟု မျှော်လင့်ကြောင်း ဖြည့်စွက်ပြောခဲ့သည်။

မတ်လတွင် စတင်ခဲ့သော Solidarity Trial သည် ကမ္ဘာ့ပမာဏအများဆုံး COVID-19 ကုထုံးများ၏ RCT (randomized controlled trial) ဖြစ်ပြီး နိုင်ငံပေါင်း ၃၀ ရှိ ဆေးရုံ ၅၀၀ တွင် လူနာပေါင်း ၁၃,၀၀၀ ဦးနီးပါးကို စမ်းသပ်လျက်ရှိကြောင်း WHO အဆိုအရ သိရသည်။

ကမ္ဘာသည် COVID-19 ကပ်ရောဂါကို ထိန်းသိမ်းရန် အပြင်းအထန်ကြိုးပမ်းနေရသဖြင့် ပြင်သစ်၊ အီတလီ၊ တရုတ်၊ ရုရှား၊ ဗြိတိန်နှင့် အမေရိကန် စသည့်နိုင်ငံများသည် ကာကွယ်ဆေးရရှိရန် အပြိုင်အဆိုင်ရှာဖွေဖော်ထုတ်လျက် ရှိသည်။

WHO ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ အောက်တိုဘာ ၁၅ ရက်အထိ ကမ္ဘာတစ်ဝန်း ဖော်ထုတ်လျက်ရှိသော COVID-19 ကာကွယ်ဆေး အရေအတွက်မှာ ၁၉၈ ခုရှိပြီး ယင်းအနက် ၄၂ ခုမှာ လက်တွေ့စမ်းသပ်မှုအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။  (Xinhua)