Connect with us

WORLD

ကိုယ်ရံတော်တစ်ဦး COVID-19 ရောဂါ ကူးစက်ခံရပြီးနောက် ဂျာမနီသမ္မတ (Q) သီးခြားခွဲ၍ နေထိုင်

ဂျာမနီနိုင်ငံသမ္မတ Frank-Walter Steinmeier အား ၂၀၁၈ ခုနှစ် ဇွန် ၅ ရက်က ပိုလန်နိုင်ငံဝါဆောမြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ်(ဆင်ဟွာ)

ဘာလင် ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ)

သမ္မတကိုယ်ရံတော်များအနက် ကိုယ်ရံတော်တစ်ဦးထံတွင် COVID-19 ရောဂါ positive စစ်ဆေးတွေ့ရှိပြီးနောက် ဂျာမနီနိုင်ငံသမ္မတ Frank-Walter Steinmeier သည် အောက်တိုဘာ ၁၇ ရက်က (Q) သီးခြားခွဲ၍ နေထိုင်နေပြီဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

သမ္မတ Steinmeier ၏ ပထမအကြိမ်စစ်ဆေးမှုသည် negative အဖြေထွက်ခဲ့ကြောင်း နှင့်လာမည့် ရက်များတွင်လည်း ၎င်းအား စမ်းသပ်စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ဂျာမနီနိုင်ငံသည် ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်မှုအသစ် ၇,၈၃၀ ဦး ဖြင့် စံချိန်တင်ခဲ့ပြီး ယင်းအရေအတွက်မှာ ကပ်ရောဂါစတင်ပျံ့နှံ့စဉ်ကတည်းက အမြင့်ဆုံး ပမာဏဖြစ်ကြောင်း ဂျာမနီနိုင်ငံ၏ ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးအေဂျင်စီတစ်ခုဖြစ်သော Robert Koch အင်စတီကျူ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Heiko Maas သည် ၎င်း၏ ကိုယ်ရံတော်များအနက် တစ်ဦးထံတွင် COVID-19 ရောဂါ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် စက်တင်ဘာလက သီးခြားခွဲနေထိုင်ခဲ့သည်။ နောက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီး Maas သည် ဆေးစစ်ရာ၌ negative အဖြေ ရလဒ် ထွက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော မတ်လကလည်း ဂျာမနီနိုင်ငံဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်သည် COVID-19 ရောဂါ ကူးစက်ခံထားရသော ဆရာဝန်တစ်ဦး နှင့်အတူ အစည်းအဝေးပြုလုပ်မိခဲ့သဖြင့် ၂ ပတ်ကြာမျှ တစ်ကိုယ်တည်း-သီးခြားခွဲ၍ နေထိုင်ခဲ့ရသည်။ ၎င်းသည် နောက်ပိုင်းတွင် negative အဖြေစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။(Xinhua)