Connect with us

Politics & Security

အာဆီယံ ထိပ်သီး အစည်းအဝေးများ လာအိုတွင် စတင် ကျင်းပ၊ အင်အား ပြည့်ဝသော အသိုက်အဝန်း အဖြစ် ရည်ရွယ်ထား

အာဆီယံ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များအား အာဆီယံ ထိပ်သီး အစည်းအဝေး ဖွင့်ပွဲ အခမ်းအနား၌ တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ၂၈ ကြိမ်မြောက်နှင့် ၂၉ ကြိမ်မြောက် ထိပ်သီး အစည်းအဝေးများအား လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်း၌ စက်တင်ဘာလ ၆ ရက်တွင် စတင် ကျင်းပခဲ့ပြီး “အင်အား ပြည့်ဝသော အာဆီယံ အသိုက်အဝန်းအတွက် အမှန်တကယ် မျှော်မှန်းကြစို့” ဟူသော ရည်မှန်းချက်ဖြင့် အစည်းအဝေးအား ကျင်းပသွားမည် ဖြစ်သည်။

ဖွင့်ပွဲ အခမ်းအနား၌ လာအို ဝန်ကြီးချုပ်နှင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ Thongloun Sisoulith က အာဆီယံအသိုက်အဝန်းမျှော်မှန်းချက်၂၀၂၅ အား အကောင်အထည်ဖော်ခြင်းနှင့် အာဆီယံ အသိုက်အဝန်း အဆင့်မြှင့်တင်ရန် စီမံကိန်း သုံးခုအား အကောင်အထည်ဖော်ရန် အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်း ပြောကြားခဲ့သည်။
၂၀၁၆ ခုနှစ် အာဆီယံ ဥက္ကဋ္ဌအဖြစ် လာအိုနိုင်ငံက “အင်အား ပြည့်ဝသော အာဆီယံ အသိုက်အဝန်းအတွက် အမှန်တကယ် မျှော်မှန်းကြစို့” ဟူသော ရည်ရွယ်ချက်အား ရွေးချယ်ခဲ့ကာ အာဆီယံ မဏ္ဍိုင် သုံးရပ်အား လွှမ်းခြုံနိုင်ရန် ဦးစားပေး ကဏ္ဍ ရှစ်ခုဖြင့် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း Thongloun က ပြောကြားခဲ့သည်။
အဆိုပါ ဦးစားပေး ကဏ္ဍ ရှစ်ခုကို အာဆီယံ ချိတ်ဆက်မှု ၂၀၂၅ မာစတာ ပလန်၊ အာဆီယံ ပေါင်းစည်းရေး လုပ်ငန်း အစီအစဉ်-၃ နှင့် အာဆီယံ ကုန်သွယ်မှု လွယ်ကူစေရေး မူဘောင်ကဲ့သို့ များစွာသော မူဘောင်များနှင့် စာချုပ်စာတမ်းများဖြင့် အကောင်အထည်ဖော်သွားမည် ဖြစ်သည်။
အာဆီယံသည် ကမ္ဘာပေါ်တွင် ခြောက်ခုမြောက် အကြီးဆုံး စီးပွားရေး ဖြစ်သလို ငြိမ်းချမ်းပြီး တည်ငြိမ်မှုရှိခြင်း၊ ရေရှည်တည်တံ့သော ဒေသဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ပေးသော ဒေသတစ်ခု ဖြစ်လာခဲ့သည်။
၂၈ ကြိမ်မြောက်နှင့် ၂၉ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးများအား စက်တင်ဘာလ ၆ ရက်နှင့် ၇ ရက်နေ့များ၌ အသီးသီး ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
တက်ရောက်လာကြသည့် ခေါင်းဆောင်များ၏ ဆက်စပ် အစည်းအဝေးများ အနေဖြင့် ASEAN+1 ထိပ်သီး အစည်းအဝေး၊ အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေး ၂၅ နှစ်မြောက် အထိမ်းအမှတ် ထိပ်သီး အစည်းအဝေး၊ ASEAN+3 (တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား) ထိပ်သီး အစည်းအဝေးနှင့် အရှေ့အာရှ ထိပ်သီး အစည်းအဝေး စသည်တို့အား စက်တင်ဘာလ ၇ ရက်နှင့် ၈ ရက်နေ့များ၌ ကျင်းပသွားရန်ရှိပြီး အာဆီယံ အဖွဲ့ဝင် နိုင်ငံများအနေဖြင့် ၎င်းတို့၏ ဆွေးနွေးဖက်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးသွားမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.