Politics & Security
ဘင်္ဂလားဒေ့ရှ် အစွန်းရောက် ၈ ဦး စင်ကာပူတွင် အဖမ်းခံရ
စင်ကာပူ ၊ မေ ၄ရက် (ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အစွန်းရောက်ဝါဒီ အမျိုးသား ၈ ဦးအား စင်ကာပူ ပြည်တွင်း လုံခြုံရေး အက်ဥပဒေ (ISA ) ဖြင့် ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း စင်ကာပူ ပြည်ထဲရေး ဝန်ကြီးဌာန (MHA) က မေလ ၃ ရက်တွင် ကြေညာခဲ့သည်။
အဖမ်းခံထားရသူများသည် မတ်လတွင် ဖွဲ့စည်းခဲ့သော ဘင်္ဂလားဒေ့ရှ် အစ္စလမ်မစ် နိုင်ငံတော် (ISB) အဖွဲ့၏ အဖွဲ့ဝင်များ ဖြစ်ကြပြီး ခေါင်းဆောင်မှာ Rahman Mizanur ဖြစ်ကြောင်း နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအား တိုက်ခိုက်သွားရန် စီစဉ်နေကြသူများ ဖြစ်ကြောင်း MHA ကြေညာချက်တွင် ဖော်ပြထားသည်။
Rahman သည် စင်ကာပူနိုင်ငံတွင် S-Pass ဖြင့် နေထိုင်နေသူ တစ်ဦးဖြစ်ပြီး ကျန် ၇ ဦးမှာ Work ပါမစ်ဖြင့် နေထိုင်နေကြသူများ ဖြစ်သည်။ ၎င်းတို့အားလုံးသည် စင်ကာပူ နိုင်ငံတွင်း ဆောက်လုပ်ရေး လုပ်ငန်းများနှင့် သင်္ဘော တည်ဆောက်ရေး လုပ်ငန်းများတွင် လုပ်ကိုင်နေကြသည်။
ISB အဖွဲ့ဝင်များသည် အီရတ်နိုင်ငံနှင့် ဆီးရီးယားနိုင်ငံများရှိ IS အကြမ်းဖက် တိုက်ခိုက်ရေး သမားများနှင့် ချိတ်ဆက်သွားရန် ကြံရွယ်ခဲ့ကြကြောင်း ၊ သို့သော် ၎င်းတို့သည် ဆီးရီးယား နိုင်ငံထိ သွားရောက်ရန် အခက်အခဲများ ရှိနေသဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာပင် အစိုးရအား တိုက်ခိုက်မှုများ ပြုလုပ်ပြီး အစ္စလမ်မစ်နိုင်ငံ တည်ထောင်သွားရန် စီစဉ်ထားကြောင်းနှင့် ၎င်းတို့ကိုယ်တိုင် ဘာသာရေး ခေါင်းဆောင်များ အဖြစ် ကြေညာသွားရန် ရှိကြောင်း MHA က ဆိုသည်။
ထို့ပြင် ISB အဖွဲ့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းရှိ ဖြစ်နိုင်ဖွယ် ရှိသော ပစ်မှတ်များစွာကို တိုက်ခိုက်သွားရန် ရှိကြောင်း ထောက်လှမ်းရေး အချက်များအရ သိရသည်။ Mizanur ထံမှ ဖမ်းဆီး ရမိသော စာရွက် စာတမ်းများအရ ၎င်းတို့အဖွဲ့၏ ကြွေးကြော်သံမှာ “ ဂျီဟတ်အတွက် တိုက်ဖို့လိုတယ် ” ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရ နှင့် စစ်တပ်ကို ပစ်မှတ်ထား၍ တိုက်ခိုက်သွားရန် ဖြစ်သည်ဟု MHA က ဆိုသည်။
၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ISB အဖွဲ့ဝင်သစ်များ စုဆောင်းရာတွင် IS နှင့် အယ်လ်ကိုင်းဒါး အဖွဲ့၏ နည်းလမ်းများသည် အလွန် အရေးပါခဲ့ကြောင်း နှင့် စစ်လက်နက်များ ၊ ဗုံးပြုလုပ်နည်း စာရွက် စာတမ်းများလည်း Rahman ထံမှ သိမ်းဆည်း ရမိခဲ့သည်။ စင်ကာပူ နိုင်ငံတွင် အလုပ်လုပ်ကိုင် နေကြသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အလုပ်သမားများ အား စည်းရုံးပြီး ISB အဖွဲ့ဝင်များ တိုးပွားလာအောင် စီစဉ်ထားခဲ့သည်။ ထို့ပြင် စစ်လက်နက်များ ဝယ်ယူနိုင်ရန်အတွက် ငွေကြေးကောက်ခံမှုများလည်း ပြုလုပ်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုဖမ်းဆီးထားသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈ ဦးအပြင် နောက်ထပ် ဘင်္ဂလားဒေ့ရှ် အလုပ်သမား ၅ ဦး ကိုလည်း ISA အက်ဥပဒေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း MHA က ဆိုသည်။
စင်ကာပူနိုင်ငံတွင် အကြမ်းဖက်မှုနှင့် ဆက်စပ်သော တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးရမှုမှာ ယခု အကြိမ်သည် ပထမဆုံး အကြိမ်မဟုတ်ပေ။ အခြားနိုင်ငံများ၌ အကြမ်းဖက်မှုများ ကျူးလွန်ရန် စီစဉ်နေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၇ ဦးကိုလည်း ဇန်နဝါရီလတွင် ဖမ်းမိခဲ့ကြောင်း သိရသည်။ (Xinhua)